မန္တလေး ဒီဇင်ဘာ ၁၀
မန္တလေးမြို့အတွင်းရှိ အသက် ၇၀ နှစ်နှင့်အထက် မှီခိုရာမဲ့ အဘိုး၊ အဘွားများကို စောင်များ၊ အားဆေးများနှင့် အဟာရဖြည့်စွက်စာ များကို ဒီဇင်ဘာ၅ရက်မှစ၍ ဒီဇင်ဘာ၉ရက်နေ့အထိ အဘိုး အဘွား ၆၀ ဦးကျော် ထောက်ပံ့လှူဒါန်းပေးပြီး ဖြစ်ကြောင်း မနောကြာဖြူသွေးလှူရှင် ပရဟိတအသင်းမှ သိရသည်။
“ ပုံမှန်ထောက်ပံ့လှူဒါန်းပေးနေတဲ့ အဘိုးအဘွားတွေကိုက နွမ်းပါးခက်ခဲပြီး မှီခိုရာမဲ့ အဘိုး အဘွားတွေပါ၊ ခုလို ကိုဗစ်ကာလအတွင်း ခက်ခဲနေတဲ့အချိန်မှာ ဒီလိုလာ လှူကြတော့ ပိုပြီးဝမ်းသာ နေကြပါတယ်၊ သွားတဲ့အခါမှာလည်း လူအင်အားကိုတတ်နိုင်သမျှ အနည်းဆုံး ဖြစ်အောင်လုပ်မယ်၊ ထောက်ပံ့မယ့်သူကလည်း ကိုဗစ်ရောဂါနဲ့ပတ်သက်ပြီး ကျန်းမာရေးအထောက် အကူပြုပစ္စည်းတွေ ဝတ်ဆင်ပြီး Safety ဖြစ်အောင်လုပ်သွားမှာပါ။”ဟု မနောကြာဖြူသွေးလှူရှင်နှင့် ပရဟိတ အသင်းမှ အတွင်းရေးမှူး ကိုစိုး (မနောကြာဖြူ)ကပြောသည်။
အဆိုပါထောက်ပံ့လှူဒါန်းမှုကို မနောကြာဖြူသွေးလှူရှင်နှင့် ပရဟိတအသင်းအနေဖြင့် အလှူရှင် များ၏ စုပေါင်းလှူဒါန်းမှုဖြစ်ပြီး အဘိုးအဘွားတစ်ဦးလျှင် ငွေကျပ် တစ်သောင်းကျော်တန်ဖိုးရှိသည့် စောင်များ၊ အားဆေးများနှင့် အဟာရများကိုထောက်ပံ့ လှူဒါန်းပေးခဲ့ပြီး အဘိုးအဘွား ၂၀၀ဦး အထိ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ ကိုဗစ်ကာလအတွင်း အသက်၇၀ နှစ်နှင့်အထက် မှီခိုရာမဲ့ အဘိုး၊ အဘွားများကို ပါဝင် လှူဒါန်းချင်သည့်အလှူရှင်များအနေဖြင့် မနောကြာဖြူသွေးလှူရှင်နှင့် ပရဟိတအသင်းရုံး ဖုန်း ၀၉-၇၅၂၃၄၈၃၆၂၊ ၀၉-၂၀၀၆၄၂၃၊ ၀၉-၄၃၀၉၉၆၆၀ တို့ကို ဆက်သွယ်လှူဒါန်းနိုင်ကြောင်းသိရသည်။
ထိပ်ထားနိုင်