ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ လောကမာရ်အောင်ဆုတောင်းပြည့်စေတီတော်မြတ်ကြီး၌ ပြည်နယ်အစိုးရအဖွဲ့နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့ ကြီးမှူးကျင်းပသော စတုတ္ထအကြိမ် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူ‌ဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲအဖြစ် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်

မြစ်ကြီးနား မေ ၁၃

ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့က ကြီးမှူး၍ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် စတုတ္ထအကြိမ် အသံမစဲမမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ၂၀၂၅ ခုနှစ် မေလ ၆ရက်နေ့မှ စတင်၍ (၇) ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ရာ ယနေ့နံနက်ပိုင်းတွင် ပဋ္ဌာန်းသိမ်းအောင်ပွဲအဖြစ် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို ရှေးဟောင်းသမိုင်းဝင် လောကမာရ်အောင် ဆုတောင်းပြည့်စေတီတော်မြတ်ကြီး ပုရဝုဏ်ရှိ အောင်ခြင်းရှစ်ပါးဓမ္မာရုံ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်သံဃနာယကအကျိုးဆောင်၊ ဝန်းသိုလ်ကျောင်းတိုက်ပဋ္ဌာန နာယက ဆရာတော် ဘဒ္ဒန္တကေတုမာလာ အမှူးပြုသော ထေရ်ကြီးဝါကြီးဆရာတော်များ၊ ဘာဏက သံဃာတော်များ ကြွရောက်တော်မူကြပြီး အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ကာ မဟာပဋ္ဌာန်း ရောင်ခြည်တော်ဖွင့် ဂါထာတော်ဖြင့် မြတ်စွာဘုရားပင့်ဆောင် ခြင်းနှင့် ပဋ္ဌာန်းဒေသနာတော် နာယူကြည်ညိုရန် နတ်ဗြဟ္မာများအား ဒေဝနိမန်နကဂါထာဖြင့် ပင့်ဖိတ်တော်မူကြသည်။

ရှေးဦးစွာ ပဋ္ဌာန်းသိမ်းအောင်ပွဲအဖြစ် ပြည်နယ်သံဃနာယကအကျိုးဆောင်၊ ဝန်သိုလ်ကျောင်းတိုက်ပဋ္ဌာန နာယက ဆရာတော်ဘဒ္ဒန္တကေတုမာလာ အမှူးပြုသော ဆရာတော်မထေရ်မြတ်များထံမှ အလှူရှင်များနှင့် ဧည့်ပရိတ်သတ်များက ငါးပါးသီလ ခံယူဆောက်တည်ခြင်း၊ ပရိတ်တရားတော်များ နာယူခြင်းနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကာ ကချင်ပြည်နယ်အစိုးအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီးဦးမျိုးဆွေက အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ် ပူ‌ဇော်ပွဲအတွက် ကူညီပေးကြသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးချီးမြှင့်ခဲ့ကြပြီး ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို ရှေးဟောင်းသမိုင်းဝင် လောကမာရ်အောင် ဆုတောင်းပြည့် စေတီတော်မြတ်ကြီး ပုရဝုဏ်၌ကျင်းပပြုလုပ်ရာ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်အေးအေးမော်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်တကွ ၎င်းတို့၏ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ဌာနဆိုင်ရာများ၊ ဒေသခံအလှူရှင်များ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အောက်ရှိ တပ်ရင်း/ တပ်ဖွဲ့များ၊ အလှူရှင်များက ဘုရားအမှူးပြုသော ဆရာတော်၊ သံဃာတော်များအား ဆွမ်းဆန်တော်၊ ဆေးပစ္စည်း၊ လှူဖွယ်ပစ္စည်းများတို့ကို လောင်းလှူပူဇော်ခဲ့ကြသည်။

ထို့နောက် ဆုတောင်းပြည့်ကျောင်းတိုက် ဆွမ်းစားဆောင်၌ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်တကွ ၎င်းတို့၏ ဇနီးများနှင့်တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)