ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း လူသုံးကုန်ပစ္စည်းများရောက်ရှိလာမှုအား သွားရောက်ကြည့်ရှုစစ်ဆေး

စစ်တွေ   မေ   ၁၃

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင် ပြည်နယ်သို့ သင်္ဘောများဖြင့် ဆန်နှင့် အခြေခံစားသောက်ကုန်ပစ္စည်းများကို ပို့ဆောင်ပေးလျက်ရှိရာ စစ်တွေမြို့ ဘက်စုံသုံးဆိပ်ကမ်းတွင် အမ်ဗွီတော်ဝင် သီရိသင်္ဘော၊ အမ်ဗွီရွှေပိုင်ဖြိုးသင်္ဘောနှင့် အမ်ဗွီရဲထွန်းအောင်(၂) သင်္ဘောတို့ဖြင့် ရန်ကုန်မြို့မှ ဆန်နှင့် အခြေခံစားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ ရောက်ရှိလာမှုကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမ်ဗွီတော်ဝင်သီရိသင်္ဘောတွင် ဆန်နှင့်အခြေခံ စားသုံးကုန်ပစ္စည်းများအား ကုန်တင်ကုန်ချပြုလုပ်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြပြီး ကုန်ပစ္စည်းများအား စနစ်တကျ အတင်အချပြုလုပ်နိုင်ရေး၊ ဈေးကွက်အတွင်းအမြန်ဆုံးဖြန့်ဖြူး ရောင်းချရေး၊ ကုန်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှု မဖြစ်စေရေးနှင့် လိုအပ်မှုမရှိသောနေရာများသို့ မရောက်ရှိစေနိုင်ရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်နိုင်ရေးတို့ကိုမှာကြားပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမ်ဗွီရွှေပိုင်ဖြိုးသင်္ဘောပေါ်မှ ဆန်နှင့်အခြေခံ စားသောက်ကုန်များအား ကုန်တင်ကုန်ချပြုလုပ်နေမှုအားလည်းကောင်း၊ အမ်ဗွီရဲထွန်းအောင်(၂) သင်္ဘောပေါ်မှ ဆန်နှင့်အခြေခံစားသောက်ကုန်များအား ကုန်တင်ကုန်ချပြုလုပ်နေမှုအားလည်းကောင်း သွားရောက်ကြည့်ရှု စစ်ဆေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

အမ်ဗွီတော်ဝင်သီရိသင်္ဘောတွင် ဆန်နှင့်စားသုံးကုန်ပစ္စည်းများ စုစုပေါင်းတန်ချိန် ၄၁၁ တန် တင်ဆောင်၍လည်းကောင်း၊ အမ်ဗွီရွှေပိုင်ဖြိုးသင်္ဘောတွင် ဆန်နှင့်အခြေခံစားသောက်ကုန်များ စုစုပေါင်းတန်ချိန်  ၁၄၃၈ ဒသမ ၄၀ တန် တင်ဆောင်၍လည်းကောင်း၊ အမ်ဗွီရဲထွန်းအောင်(၂) သင်္ဘောတွင် ဆန်နှင့် အခြေခံစားသောက်ကုန်များ စုစုပေါင်းတန်ချိန် ၁၀၃၀ ဒသမ ၈၄၆ တန် စစ်တွေမြို့သို့ရောက်ရှိလာခြင်းဖြစ်သည်။

ထိုသို့ သွားရောက်ကြည့်ရှုစဉ် ပြည်နယ်ဝန်ကြီးချုပ်က ကုန်ပစ္စည်းများအားကုန်တင်ကုန်ချ ပြုလုပ်ရာ၌ ယာယီနေရပ်စွန့်ခွာစခန်းများတွင် နေထိုင်ကြသည့် ပြည်သူများအလုပ်အကိုင်အခွင့် အလမ်းများရရှိစေရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရန်မှာကြားခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)