(၄၃)ကြိမ်မြောက် မောက်မယ်မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနပါဒကစာပွဲတော် အခမ်းအနားကျင်းပ

မောက်မယ် မေ ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ပရိယတ္တိကျောင်းကြီးစာသင်တိုက်၌ မောက်မယ်မြို့နယ်လုံးဆိုင်ရာ သံဃနာယကအဖွဲ့မှ ကြီးမှူးကျင်းပသော (၄၃)ကြိမ်မြောက် ပရိယတ္တိသာသနပါဒကစာပွဲတော် အခမ်းအနားကို ယနေ့မွန်းတည့်(၁၂)နာရီက စတင်ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသောဆရာတော် သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိသတ်များက နမောတဿသုံးကြိမ်ရွတ်ဆိုပူဇော် ဘုရားကန်တော့အခမ်းအနားဖွင့်လှစ်ကာ မြို့နယ်သံဃနာယကဆရာတော် ထီဟံခွီးကျောင်းဆရာတော် အရှင်ဓမ္မသာမိထံ ငါးပါးသီလခံယူ၍ သြဝါဒကထာမြွက်ကြားတော်မူပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ဇော်ဦးက သာသနာရေးဆိုင်ရာကိစ္စရပ်များ လျှောက်ထားသည်။

အဆိုပါစာပွဲတော်တွင် မြို့နယ်အတွင်းမှ ရေးဖြေရှင်သာမဏေ(၆၂)ပါးနှင့် အာဂုံဆောင်နုတ်ဖြေ ရှင်သာမဏေ(၁၃၁)ပါးက ဘာသာရပ်များအလိုက် ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ပြီး ကြီးကြပ်ဆရာတော် (၅၄)ပါးနှင့် စာဖြေရှင်သာမဏေများ အဆင်ပြေစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသက်နိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် အလှူရှင်များတို့က ဆွမ်းဘောဇဉ်များကို နေ့စဉ်ဆက်ကပ်လှူဒါန်းလျက်ရှိသည်။

စာပွဲတော်ကို မေလ ၁၃ ရက်နေ့မှ ၁၈ ရက်နေ့အထိ မွန်းတည့် ၁၂ နာရီမှညနေ ၃ နာရီအထိ ၆ ရက်တာ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ယနေ့တွင် ပထမနေ့အဖြစ် ဖြေဆိုမည်ဖြစ်ပြီး မေလ ၁၈ ရက်နေ့၌ စာအောင်ရှင်သာမဏေများအား စာအောင်လက်မှတ်များကို ဆုနှင်းသဘင်ဖြင့် ချီးမြှင့်ဆက်ကပ်သွားမည်ဖြစ်ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)