အင်တော ဇန်နဝါရီ ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အင်တောမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဌာနဆိုင်ရာနှင့် လွှတ်တော်ကိုယ်စားလှယ်တို့ ပူးပေါင်းကျင်းပသော ‘‘ပြည်သူ့ဘဝဖွံ့ဖြိုးတိုးတက်ရေး’’ ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီက အင်တောမြို့ အမှတ်(၁)ရပ်ကွက် ရန်အောင်မြေ ကျောင်းတိုက်၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်မြင့်၊ မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းကွမ်ခေး တို့က အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးမှူး ဒေါ်သန်းသန်းညွန့်က ပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲ ဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။
ဆွေးနွေးပွဲတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်မြင့်က ဦးဆောင်ဆွေးနွေးပြီး ဆွေးနွေးသူများမှ တစ်ဦးချင်း ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စိုက်ပျိုးရေး၊ မူးယစ်ဆေးဝါးအန္တရာယ်၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း၊ မြေယာပုံစံ(၇)ရရှိရေးအကြောင်း၊ သောက်သုံးရေ ရှိရေးတို့ကို ကဏ္ဍအလိုက် ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်နေမှုကို ဆွေးနွေးပြောကြားသည်။
ထို့နောက် တက်ရောက်ကြသူများက မြို့ပေါ်ရပ်ကွက်အတွင်းရှိ သောက်သုံးရေရရှိရေး၊ မြေယာပုံစံ(၇) ရရှိရေး၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်၍ မေးခွန်းများ မေးမြန်းကြရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် သက်ဆိုရာဌာန တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
အောင်ခိုင်(အင်တော)