ဈေးရောင်းဝယ်ဖောက်ကားနေမှုနှင့် ဈေးများအတွင်း ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ထားရှိမှု ဒုတိယမြို့တော်ဝန် ကြည့်ရှုစစ်ဆေး

ရန်ကုန် မေ ၁၃

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ(ဒုတိယမြို့တော်ဝန်) ဦးညီညီသည် ကော်မတီဝင်များ၊ ဌာနမှူးများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းက လှိုင်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ စျေးများနှင့် ကုန်စည်ပွဲရုံများဌာန သီရိမင်္ဂလာဈေးနှင့် ရွှေပိတောက်ငါးဈေးများသို့ သွားရောက်၍ ဈေးအတွင်းရောင်းချလျက်ရှိသည့် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများ သန့်ရှင်းလတ်ဆတ်မှုရှိ/မရှိ၊ ဈေးများအတွင်း ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ယင်းနောက် ဒုတိယမြို့တော်ဝန်နှင့်အဖွဲ့သည် ဈေးများနှင့် ကုန်စည်ပွဲရုံများဌာန ကမာရွတ်မြို့နယ်၊ ဟံသာဝတီ(အခွန်လွတ်ဈေး)သို့ သွားရောက်၍ ဈေးအတွင်း အန္တရာယ်ရှိ သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းနေမှု၊ ဈေးအတွင်း ဟင်းသီးဟင်းရွက်၊ သား/ငါးများ ရောင်းဝယ်ဖောက်ကားနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ဈေးအတွင်းလမ်းများ ကောင်းမွန်ရေး၊ သန့်ရှင်းသပ်ရပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်မြင့်