နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ၂ဝ၂၅ ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်၊ ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သော လမ်းများ ပြန်လည်ပြုပြင်နေမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် မေ ၁၃

၂ဝ၂၅ ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပျဉ်းမနားမြို့၊ ပေါင်းလောင်းအားကစားခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများတက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နေပြည်တော်ကောင်စီအနေနဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားတဲ့ လူမှုရေးဦးတည်ချက်(၃)ရပ်အနက် ဒုတိယအချက်ဖြစ်သည့် တစ်မျိုးသားလုံးသက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံး အကျုံးဝင်သည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေးဦးတည်ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ဘော်လီဘောအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်၊ လူငယ်များစိတ်ဓာတ်ကြံ့ခိုင်လာစေရန်နှင့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ပြိုင်ပွဲကို ကျင်းပပေးရခြင်းဖြစ်ကြောင်း၊ အမျိုးသားဘော်လီဘောပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြသည့် မြို့နယ်(၈)မြို့နယ်အသင်းများမှ ထူးချွန်တဲ့အားကစားသမားများကို နေပြည်တော် လက်ရွေးစင် ဘော်လီဘောအသင်းအတွက် ရွေးချယ်သွားမှာဖြစ်ကြောင်း၊ နေပြည်တော်အတွင်း အားကစားပြိုင်ပွဲတွေ စဉ်ဆက်မပြတ် ကျင်းပပေးခြင်းဖြင့် နေပြည်တော် အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေပြီး ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲတွေမှာ အောင်မြင်မှုများ ရရှိလာမှာဖြစ်သလို နိုင်ငံတော်အတွက် အားထားရမယ့် မျိုးဆက်သစ်လက်ရွေးစင် အားကစား သမားများကို မွေးထုတ်ပေးနိုင်မှာ ဖြစ်ကြောင်း၊ ပြိုင်ပွဲတွင် အနိုင်မခံအရှုံးမပေးဘဲ အားကစားစိတ်ဓာတ်အပြည့်အဝနဲ့ သန့်သန့်ရှင်းရှင်း ပါဝင်ယှဉ်ပြိုင်သွားကြရန်နှင့် ပြိုင်ပွဲရဲ့ စည်းမျဉ်း/စည်းကမ်း များကိုလည်း လေးစားလိုက်နာကြရန်လိုကြောင်း ပြောကြားခဲ့သည်။ 

ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန် (၄) ချက်ကို ရွက်ဆိုကြသည်။ ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အသင်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြပြီး မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲ အုပ်စုပွဲစဉ်အဖြစ် ပျဉ်းမနားမြို့နယ်အသင်းနှင့် လယ်ဝေးမြို့နယ် အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးကြသည်။

၂ဝ၂၅ ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား ဘော်လီဘောပြိုင်ပွဲ မေလ ၁၂ ရက်နေ့မှ ၁၆ ရက်နေ့အထိ ပျဉ်းမနားမြို့၊ ပေါင်းလောင်းအားကစားခန်းမ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မြို့နယ်ရှစ်မြို့နယ်မှ ပြိုင်ပွဲဝင်အသင်း စုစုပေါင်း ရှစ်သင်း ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရာဇဌာနီလမ်းမကြီး၊ ရာဇသင်္ဂဟလမ်းမကြီးနှင့် တော်ဝင်ရတနာလမ်းမကြီးများ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုနှင့် ရာဇသင်္ဂဟလမ်း သပြေကုန်းအဝိုင်းအနီး မြေထိန်းနံရံထိခိုက်ပျက်စီးမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူများမှ တင်ပြချက်များအပေါ် ရေရှည်တည်တံ့ခိုင်မြဲအောင် ပြုပြင်ဆောင်ရွက်ရေး၊ စံချိန်စံညွှန်းနှင့်အညီ ဖြစ်စေရေးအတွက် တာဝန်ရှိသူများမှ အနီးကပ်ကြီးကြပ်ဆောင်ရွက်ရေး၊ လမ်းခင်းရာတွင် ကျောက်များအသုံးပြုရာ၌ သတ်မှတ်နည်းပညာနှင့်အညီ စနစ်တကျ ဆောင်ရွက်ရေး လုပ်ငန်းခွင်အတွင်း တာဝန်ရှိသူများမှ အချိန်ပြည့် ကြပ်မတ်ဆောင်ရွက်ရေးနှင့် အပိုင်းလိုက် အမြန်ဆုံးပြီးစီး အောင်ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။

မျိုးသီဟ (ပြန်/ဆက်)