ဈေးကွက်အခွင့်အလမ်းများကောင်းလာသောကြောင့် ပင်မှည့်သီးပင်များ တိုးချဲ့စိုက်ပျိုးလာ

ရွာငံ မေ ၁၃

စိုက်ပျိုးရေးကိုအခြေခံပြီး စီးပွားရေးလုပ်ငန်းများ‌ ဆောင်ရွက်ရာတွင် ရွာငံမြို့နယ်အတွင်းရှိ တောင်သူအများစုမှာ ရာသီပေါ်နှစ်တိုသီးနှံများ စိုက်ပျိုးကြသလို နှစ်ရှည်သီးနှံပင်များကိုလည်း တိုးချဲ့စိုက်ပျိုးလာကြသည်။ နှစ်တိုသီးနှံများတွင် ရာသီအလိုက်စိုက်ပျိုးကြသည့်  စပါး၊ ဆီထွက်သီးနှံအမျိုးမျိုး၊ ပဲမျိုးစုံ၊ မီးဖိုချောင်စားသောက်ကုန်အမျိုးမျိုး စိုက်ပျိုးကြသည်။ စိုက်ပျိုးရေးနည်းပညာများ ဆန်းသစ်လာသည်နှင့်အမျှ ဝင်ငွေကောင်းမည့် မျိုးကောင်းမျိုးသန့်သီးနှံပင်များကို စမ်းသက်စိုက်ပျိုးလာကြရာ ယခုအခါတွင် ထိုင်ဝမ်ပင်မှည့်သီးပင်များကို တိုးချဲ့စိုက်ပျိုးလာကြသည်။ ရွာငံမြို့နယ်တွင် ပင်မှည့်သီးပင်များကို ယခင်ကဒေသမျိုးရင်းဖြစ်သော အဝါသေး၊ အညိုသေး မျိုးများကိုစိုက်ပျိုးကြသော်လည်း ယခုနောက်ပိုင်းတွင် ဈေးကွက်အခွင့်အလမ်းများကောင်းလာ‌သော ထိုင်ဝမ်အညိုအကြီး ပင်မှည့်သီးပင်များ တိုးချဲ့စိုက်ပျိုးလာကြသည်။ အပင်များသည်နွယ်ပင် အမျိုးအနွယ်များဖြစ်သောကြောင့် စင်ခံစနစ်ဖြင့် ပင်ခြား၊ တန်းခြား(၉)ပေ ပတ်လည်စိုက်ပျိုးကြသည်။

စိုက်ပျိုးပြီး ရက်ပေါင်း(၁၂၀)ကျော်တွင် အပွင့်အသီးများစတင်လေ့ရှိပြီး ရေနှင့် မြေဆီမြေဩဇာကောင်းမွန်ပါက တစ်နှစ်ပတ်လုံး အသီးများထွက်ရှိသည်။ စိုက်ပျိုးပြီး (၆)နှစ်မှ(၁၀)နှစ်‌ ကျော်အထိခူးစွတ်ရောင်းချရသည်။ မိုးတွင်းပိုင်းတွင် အသီးများလှိုင်လှိုင် ထွက်ရှိသောကြောင့် ဈေးကွက်အနည်းငယ်အေးသော်လည်း နွေသီးများမှာ တစ်ပိဿာလျှင် (၈၀၀၀) ကျပ်ခန့် ရောင်းရသောကြောင့် ဈေးကွက်ကောင်းလှသည်။

ပင်မှည့်သီးပင်သည် ကျန်းမာရေးအတွက် အထောက်အကူပြုစေပြီး စိုက်ပျိုးရလွယ်ကူကာ ရွာငံဒေသရာသီဥတုနှင့်ကိုက်ညီသည့် အထွက်နှုန်းကောင်းသီးနှံတစ်မျိုးဖြစ်သည်။ အရိပ်ရပင်ဖြစ်သောကြောင့် စင်အောင်တွင် ကော်ဖီပင်ဖြင့် နှစ်သီးစား စိုက်ပျိုးလာကြသည်။ တစ်ဧကလျှင် ပျိုးပင်ပေါင်း ၆၀၀ မှ ၈၀၀ ခန့်ဝင်ဆံ့ပြီး (၇)ရက်တစ်ပတ်ခူးပါက ပိဿာချိန် (၅၀၀) ခန့်ထွက်ရှိသည်။

ပင်မှည့်သီးသည် အူလမ်းကြောင်း ကျန်းမာရေးအကျိုးပြုခြင်း၊ ကိုယ်အလေးချိန်ထိန်းညှိပေးခြင်းနှလုံးနှင့် သွေးကြောအတွက်ကောင်းခြင်း၊ စိတ်ဖိစီးမှုများမှ ပြေပျော​က်စေခြင်း၊ ပန်းနာရင်ကျပ်အတွက် အစွမ်းထက်ခြင်း၊ Vitamin-C ကြွယ်ဝခြင်း၊ ကင်စာရောဂါများမှ ကာကွယ်နိုင်ခြင်း၊ အိပ်ပျော်စေခြင်း၊ မျတ်စိအားကောင်းစေခြင်း၊ သံဓါတ်ကြွယ်ဝခြင်း စသည့်ကောင်းကျိုးများစွာ ရရှိနိုင်ကြောင်းစာပေများတွင် ဖော်ပြထားရှိခဲ့သည်။ 

ထို့ကြောင့် ကျန်းမာရေးအတွက် အထောက်အကူပြုစေပြီး ဈေးကွက်အခွင့်အလမ်းများ ကောင်းလာသောကြောင့် ပင်မှည့်သီးပင်များ တိုးချဲ့စိုက်ပျိုးလာကြသည်။

မြို့နယ်(ပြန်/ဆက်)