ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဖွင့်လှစ်သည့် နွေရာသီအခြေခံကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ တရုတ်၊ ကိုရီယားစကားပြော၊ ပန်းချီ၊ စစ်တုရင်သင်တန်းဆင်းပွဲ ကျင်းပ

တောင်ကြီး မေ ၁၃

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဖွင့်လှစ်သည့် နွေရာသီအခြေခံကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ တရုတ်၊ ကိုရီယားစကားပြော၊ ပန်းချီ၊ စစ်တုရင်သင်တန်းဆင်းပွဲကို ယမန်နေ့နံနက်(၉)နာရီက တောင်ကြီးမြို့၊ လူထုအခြေပြုဗဟိုဌာန ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။

သင်တန်းဆင်းပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က လူထုအခြေပြုဗဟိုဌာန (Community Centre Taunggyi)တွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် နွေရာသီသင်တန်းများ ဖွင့်လှစ်ပေးနိုင်ခဲ့ခြင်းသည် နိုင်ငံတစ်နိုင်ငံ၏ အရေးကြီးဆုံးအရင်းအမြစ်ဖြစ်သည့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လူငယ်များအချိန်ကိုတန်ဖိုးရှိရှိ အသုံးချတတ်စေရန် လေ့ကျင့်ပျိုးထောင်ပေးခြင်းဖြစ်ပါကြောင်း၊ ယနေ့ကျင်းပသည့် သင်တန်းဆင်းပွဲသည် Community Centre ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များဖြစ်သည့် အသိပညာ ဗဟုသုတများ၊ သတင်းအချက်အလက်များကို အလွယ်တကူလာရောက်ရှာမှီးနိုင်သည့် နေရာတစ်ခု၊ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် သင်တန်းများ၊ ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ ပြိုင်ပွဲများ၊ အသိပညာပေးပြပွဲများဆောင်ရွက်နိုင်သည့် နေရာတစ်ခုဖြစ်စေရန်အတွက် အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းလည်းဖြစ်ပါကြောင်း၊ လူငယ်များအနေဖြင့် ထူးချွန်ထက်မြတ်ပြီး စွမ်းရည်တွေပြည့်ဝနေစေရန်အတွက် စဥ်ဆက်မပြတ် လေ့လာသင်ယူရန်လိုအပ်သလို၊ ဗဟုသုတပြည့်စုံကြွယ်ဝနေစေရန် စာပေများကိုလည်း ဖတ်ရှုလေ့လာရန်လိုအပ်သလို လူငယ်များအနေဖြင့် ဗလငါးတန်ပြည့်စုံပြီး အနာဂတ်မှာ နိုင်ငံတော်ကအားကိုးအားထားပြုနိုင်သည့် နိုင်ငံ့သားကောင်း ရတနာများဖြစ်အောင် ကြိုးစားကြရန် ပြောကြားသွားသည်။

ထို့နောက် သင်တန်းတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် သင်တန်းသား၊ သင်တန်းသူများအား ဆုတံဆိပ်နှင့်ငွေသားဆုကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ချီးမြှင့်ပေး၍လည်းကောင်း၊ နွေရာသီအခြေခံကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ တရုတ်စကားပြော၊ ကိုရီယားစကားပြော၊ ပန်းချီနှင့် စစ်တုရင်သင်တန်းများအတွက် သင်တန်းဆင်းလက်မှတ်နှင့် မေတ္တာဖြင့်ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြသည့် နည်းပြများအား ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့က ချီးမြှင့်ပေးကြပြီး နွေရာသီအခြေခံကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ တရုတ်၊ ကိုရီယားစကားပြော၊ ပန်းချီနှင့် စစ်တုရင်သင်တန်းများအတွက် အလှူငွေများကို ရှမ်းတောင်သတ္တုလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးအောင်မြင့်က ပေးအပ်ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးညွှန်ရွှေက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြောင်း သိရသည်။

ဆက်လက်၍ သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လူထုအခြေပြုဗဟိုဌာန (Community Centre)ရှိ ပြည်သူ့စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး ကလေးစာဖတ်ခန်းတွင် ငြိမ်းချမ်းလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာမှ ကလေးများ ဆေးရောင်ခြယ်နေမှုကို ကြည့်ရှုအားပေး၍ ကလေးများအား ဗလာစာအုပ်နှင့် စားစရာမုန့်များ ဝေငှပေးခဲ့ကြောင်း သိရသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကြီးမြို့၊ စဝ်စံထွန်းရပ်ကွက်ရှိ ရှုခင်းသာပန်းခြံရှေ့ ရေမြောင်းဝန်းကျင်အဆင့်မြှင့်တင်ခြင်းနှင့် သာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြို့နယ်စည်ပင်သာယာရေးဌာန အင်ဂျင်နီယာမှူး ဦးဖြိုးပြည့်ဟိန်းမှ ရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ်က သစ်ပင်များစိုက်ပျိုးပေးရန်နှင့် မိုးမကျမီဆောင်ရွက်ပေးစေလိုကြောင်းနှင့် လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)