ကျိုင်းတုံမြို့၌ ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် ကျန်းမာရေး၊ ပညာရေးဝန်ထမ်းများ တွေ့ဆုံ

ကျိုင်းတုံ မေ ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ရှမ်းပြည်နယ် ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများနှင့်တွေ့ဆုံပွဲကို မေ ၁၀ ရက်နေ့က ကျိုင်းတုံ အထွေထွေရောဂါကုဆေးရုံးကြီးတွင် ကျင်းပသည်။

ဦးစွာ ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်က ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ဆေးကုသခံယူနေသည့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ကြိုးစားဆောင်ရွက်ပေးကြသည့်အတွက် ဝမ်းသာဂုဏ်ယူမိပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ဆေးဝါးများ၊ ဆေးရုံးအဆောက်အဦများ ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်းစသည့် ပြည်သူ့ကျန်းမာရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး ကျိုင်းတုံပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာတိုးမောင်က ဆေးရုံလုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြရာ ပြည်နယ်လူမှုရေးရာဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ထို့နောက် ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့်တာဝန်ရှိသူများက ကျိုင်းတုံပြည်သူ့ဆေးရုံကြီးရှိ လူနာဆောင်များ၊ ဆေးသိုလှောင်ခန်း၊ သွေးသန့်စင်ခန်း၊ ဓာတ်ခွဲဌာန၊ ဓတ်မှန်ဌာနများစသည့် ကျန်းမာရေးဆိုင်ရာလုပ်ငန်းများအား ကြည့်ရှု၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်းသိရသည်။

ထို့နောက် ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီးသည် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး ပညာရေးဝန်ထမ်းများနှင့်တွေ့ဆုံကာ ရှမ်းပြည်နယ် (အရှေ့ပိုင်း) အတွင်း ပညာရေးကဏ္ဍာ ပိုမိုတိုးရေးဆွေးနွေးမှာကြားရာ ပြည်နယ်ပညာရေးမှူး ဒေါ်နော်ရုသ်က ဒေသအတွင်းပညာဆိုင်ရာလုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြရာ ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီးက လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)