ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများနှင့် ခရိုင်များအလိုက် အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ

တောင်ကြီး မေ ၁၃

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများနှင့် ခရိုင်များအလိုက် အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို မေလ(၁၁)ရက်၊ ညနေ့(၃)နာရီက တောင်ကြီးမြို့၊ ပြည်နယ်အားကစားလေ့ကျင့်ရုံ၌ ကျင်းပသည်။

ဆုချီးမြှင့်ပွဲတွင် ဗိုလ်လုပွဲစဥ်အဖြစ် အမျိုးသားတောင်ကြီးခရိုင်အသင်းနှင့် လွိုင်လင်ခရိုင်အသင်းတို့ ယှဥ်ပြိုင်ကစားနေမှုကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တောင်ကြီးပညာရေးဒီဂရီကောလိပ်မှ သင်တန်းသား၊ သင်တန်းသူများ၊ သူနာပြုသင်တန်းကျောင်းမှ သင်တန်းသူများနှင့် အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးကြရာ တောင်ကြီးခရိုင်အသင်းမှ အနိုင်ဗိုလ်စွဲသွားကြောင်း သိရသည်။

ထို့နောက် ဆုချီးမြှင့်ပွဲကျင်းပရာ အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် အကောင်းဆုံး စပေးဘောဆု၊  အကောင်းဆုံးရိုက်ခုတ်ဆုရရှိသူများကို ဆုတံဆိပ်နှင့် ငွေသားဆုကို ရှမ်းပြည်နယ် ဘော်လီဘောဆပ်ကော်မတီဥက္ကဋ္ဌမှလည်းကောင်း၊ အကောင်းဆုံး ပင့်ထောင်ဆု၊ ဆယ်မဆုနှင့် အကောင်းဆုံးအားကစားသမားရရှိသူများကို ဆုတံဆိပ်နှင့်ငွေသားဆုကို မြန်မာနိုင်ငံ ဘော်လီဘောအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌမှလည်းကောင်း၊ အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် အကောင်းဆုံးစပေးဘောဆု၊ ရိုက်ခုတ်ဆုရရှိသူများကို ဆုတံဆိပ်နှင့် ငွေသားဆုကို ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်မှလည်းကောင်း၊ အကောင်းဆုံးပင့်ထောင်ဆု၊ ဆယ်မဆု၊ ပိတ်ဆို့ဆု၊ အကောင်းဆုံးအားကစားသမားဆုရရှိသူများကို ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးမှလည်းကောင်း အသီးသီးဆုများချီးမြှင့်ပေးကြသည်။

ဆက်လက်၍ အမျိုးသမီးဘော်လီဘော တတိယဆုရရှိသည့် လွိုင်ခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုကို ပြည်နယ်ဥပဒေချုပ်ကလည်းကောင်း၊ အမျိုးသားဘော်လီဘောပြိုင်ပွဲ တတိယဆုရရှိသည့် ကျိုင်းတုံခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကို ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးကလည်းကောင်း၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဒုတိယဆုရရှိသည့် လင်းခေးခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကို ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးကလည်းကောင်း၊ အမျိုးသားဒုတိယဆုရ လွိုင်လင်ခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကို ပြည်နယ်သယံဇတရေးရာဝန်ကြီးကလည်းကောင်း၊ အမျိုးသမီးပထမဆုရတောင်ကြီးခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်ကို ပြည်နယ်စီးပွားရေးဝန်ကြီးကလည်းကောင်း၊ အမျိုးသားပထမဆုရ တောင်ကြီးအသင်းအား တစ်ဦးချင်းဆုတံဆိပ်ကို ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးကလည်းကောင်း၊ အမျိုးသမီး၊ အမျိုးသားပထမဆုရရှိသည့် တောင်ကြီးခရိုင်အသင်းအား ငွေသားဆု၊ တံခွန်စိုက်ဖလားဆုတို့ကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်တို့က အသီးသီးဆုများချီးမြှင့်ပေးကြကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)