မိုင်းဖြတ် မေ ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ပူးပေါင်းသည့်အဖွဲ့သည် ယမန်နေ့နံနက် ၁၀ နာရီက စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် အသိပညာပေးဟောပြောပွဲကို နမ့်လောက်ကျေးရွာရှိ ဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမျိုးက အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ကျေးရွာနေပြည်သူများအနေဖြင့် ဒေသအတွင်း မီးခိုးမြူငွေ့ကင်းစင်ရေးအတွက် တောမီး၊ တောင်ယာမီးများမရှို့စေရေးတို့ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဦးညီဝင်းထွန်းက နယ်မြေတည်ငြိမ်အေးချမ်းရေး၊ ရပ်ရွာအေးချမ်းသာယာရေးကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်အောင်က မူးယစ်ဆေးဝါးအန္တရာယ်နှင့် တရားမဝင်မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ ရောင်းဝယ်ခြင်းမပြုလုပ်စေရေးတို့ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ဌာနဆိုင်ရာတာဝန်ရှိသူများက စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ဒေသဖွံ့ဖြိုးရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနအသီးသီးက ဆောင်ရွက်ပေးနေသည့် အခြေအနေများနှင့်ကျေးရွာနေပြည်သူများက ပူးပေါင်းပါဝင်ဆောင်ရွက်ရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ရေရှည်တည်တံ့ရေး၊ ထိန်းသိမ်းစောင့်ရှောက်ရေးတို့ကို အသီးသီးဆွေးနွေးပြောကြားခဲ့သည်။
ယင်းနောက် ကျေးရွာနေပြည်သူများက သိလိုသည့်အချက်များကို မေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရွှေကို(မိုင်းဖြတ်)