မြောက်ဥက္ကလာပ မေ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့၌ (၅၅)ကြိမ်မြောက် ဆုတောင်းပြည့် မယ်လမုစေတီတော်ကြီး ဘဏ္ဍာတော်ထိန်းဂေါဂကအဖွဲ့မှ ကြီးမှူးကျင်းပသော ကဆုန်လပြည့်(ဗုဒ္ဓနနေ့) ကဆုန်ညောင်ရေသွန်းလောင်းပွဲကို ယမန်နေ့နံနက် ၇ နာရီအချိန် အဆိုပါစေတီတော်၀င်းရှိ မဟာဗောဓိ ညောင်ပင်တွင် စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာအခမ်းအနားသို့ တက်ရောက်လာကြသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းမြင့်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးသူ၊ စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဥက္ကဋ္ဌ သုဓမ္မမဏိဇောတဓရ ဦးလှကြည်နှင့်အဖွဲ့၀င်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စေတနာရှင် အလှူရှင်များနှင့် ဧည့်ပရိတ်သတ်များက ဆုတောင်းပြည့် မယ်လမုစေတီတော်ကြီးအား လင်္ကျာရစ်တစ်ပတ် လှည့်ပတ်ပူဇော်ပြီးနောက် အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ခဲ့ကြပြီး နတ်ဗြဟ္မာများပင့်ဖိတ်ခြင်း၊ မဟာဗောဓိဒုမေနာထောသောဂါထာဖြင့် ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။ ထို့နောက် မယ်လမုဆုတောင်းပြည့် စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဥက္ကဋ္ဌ သုဓမ္မမဏိဇောတဓရ ဦးလှကြည်က ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဘဏ္ဍာရေးမှူး ဦးစိန်လွင်က ညောင်ရေတော် ရေချမ်းကပ်လှူရန်အတွက် ဥဒ္ဒိဿယ ဇိနံဗုဒ္ဓံစသောဂါထာဖြင့် ရေချမ်းကပ်လှူခဲ့သည်။
ဆက်လက်၍ အနောက်အရပ်မှ နဂါးအသင်း၊ မြောက်အရပ်မှ ဂဠုန်မင်းအသင်း၊ တောင်အရပ်မှ နတ်မင်းအသင်း၊ အရှေ့အရပ်မှ ဗြဟ္မာများမှ သက်ဆိုင်ရာ ဂါထာများဖြင့် ရွတ်ဖတ်ပူဇော်ပြီး ၇ ရက်သားသမီးများက ညောင်ရေသွန်းလောင်းလှူခဲ့ကြသည်။ ယင်းနောက် ဗြဟ္မာ၊ နတ်၊ ဂဠုန်၊ နဂါးအဖွဲ့များက ဇယန္တော ဗောဓိယာမူလေစသာငါးဂါထာဖြင့် ဆုတောင်းပတ္ထနာပြုကြကာ၊ အမျိုးသမီးများက ဆုတောင်းပတ္ထနာကဗျာများ ရွတ်ဆိုခဲ့ကြပြီး အမျှဝေခဲ့ကြပြီး နတ်၊ ဗြဟ္မာများ ပြန်လည်ပို့ဆောင်ကာအရပ်ဆယ်မျက်နှာ မေတ္တာပို့ကဗျာများ ရွတ်ဆိုဆုတောင်းကြကာ ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး (ပြန်/ဆက်)