မုဒုံမြို့နယ်တွင် ဒေသထွက် မင်းဂွတ်သီးများ စပေါ်ချိန် ဈေးကောင်းရရှိ

မုဒုံ မေ ၅

မွန်ပြည်နယ်သည် လယ်ယာသီးနှံ၊ ဥယျာဉ်ခြံသီးနှံများနှင့် ရော်ဘာစိုက်ပျိုးထုတ်လုပ်မှု အကောင်းဆုံးပြည်နယ်ဖြစ်ရာ နှစ်ရှည်သီးနှံတစ်မျိုးဖြစ်သည့် မင်းဂွတ်သီးများ စတင်ထွက်ရှိချိန် ယခင်နှစ်များထက် ဈေးကောင်းရရှိ၍ စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိသည်။

မင်းဂွတ်သီးပင်များသည် မြေပြန့်နှင့်မြေဩဇာထက်သန်သော သဲနုန်းမြေပွ၊ ပူအိုက်စိုစွတ်ထိုင်းမှိုင်းသော ရာသီဥတုမျိုးကို ကြိုက်နှစ်သက်၍ အပင်များကို အစေ့မှပျိုးထောင်စိုက်ပျိုးခြင်းနှင့် ကိုင်းဆက်ကိုင်းကူးနည်းများဖြင့် အကျယ် သုံးပေ၊ အနက် သုံးပေအတွင်းမှ တစ်ပင်နှင့်တစ်ပင် ပေ ၂၀ ခန့်အကွာ စိုက်ပျိုးနိုင်သည်။ ပျိုးပင်များ စိုက်ပျိုးပြီး  ၁၀ နှစ်မှ  ၁၂ နှစ်အရွယ်ရောက်ချိန်မှသာ အသီးစတင်ထွက်ရှိ၍ ခူးဆွတ်ရောင်းချနိုင်ပြီး အပင်တစ်ပင်လျှင် သက်တမ်း ၄၀ မှ ၅၀ နှစ်အထိ ရှင်သန်နိုင်ကာ ပိုးမွှားကင်းစင်သည့် အပင်တစ်မျိုးဖြစ်သည်။ မင်းဂွတ်သီးများ ယခုစတင်ထွက်ရှိချိန် တစ်လုံးလျှင် ငွေကျပ်  ၄၀၀ မှ  ၈၀၀ အထိ မြို့ပေါ်ဈေးများနှင့် မော်လမြိုင်၊ ပဲခူး၊ ရန်ကုန်တိုင်းဒေသကြီးများအပြင် အခြားမြို့နယ်များကိုလည်း တင်ပို့ရောင်းချရကြောင်း မုဒုံမြို့နေ ခြံစိုက်တောင်သူတစ်ဦးက ပြောသည်။

မုဒုံမြို့နယ်တွင် ဒေသထွက် သစ်သီးဝလံမျိုးကောင်းမျိုးသန့်များကို ပြည်တွင်း၊ ပြည်ပတင်ပို့နိုင်ရန် သုတေသနပြုစိုက်ခင်းများ ပျိုးထောင်ထားရှိခြင်း၊ သစ်သီးဝလံသုတေသန စိုက်ပျိုးရေးနည်းပညာများကို တောင်သူများထံ ဖြန့်ဝေပေးခြင်း၊ သီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူများနှင့်ပူးပေါင်းပြီး စိုက်ပျိုးရေးဦးစီးဌာနနှင့် တာဝန်ရှိသူများက ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရာမည