ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း လက်ဝဲသလုံးတော်ဓာတ်စေတီတော်မြတ်ကြီး ဘက်စုံပြန်လည်ပြုပြင် မွမ်းမံပြင်ဆင်ခြင်းကုသိုလ် ရေစက်ချအလှူတော်မင်္ဂလာနှင့် ဘူမိဖဿရုပ်ပွားတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပွဲ တက်ရောက်

စစ်တွေ မေ ၁၂

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော လောကာနန္ဒာစေတီတော်မြတ်ကြီး ဗုဒ္ဓါဘိသေက အနေကဇာ တင်ပွဲ၊ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲနှင့် ရှေးဟောင်းသမိုင်းဝင် လက်ဝဲသလုံးတော် ဓာတ်စေတီတော်မြတ်ကြီး ဘက်စုံပြန်လည်ပြုပြင်မွမ်းမံပြင်ဆင်ခြင်းကုသိုလ် ရေစက်ချအလှူတော်မင်္ဂလာနှင့် ဘူမိဖဿရုပ်ပွား တော်မြတ်ကြီးအား ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပွဲအခမ်းအနားကို ယမန်နေ့ ကဆုန်လပြည့် (ဗုဒ္ဓနေ့) နံနက်ပိုင်းက စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်မြတ်ကြီး လှိုဏ်ဂူ တော်အတွင်းနှင့် ရှေးဟောင်းသမိုင်းဝင် လက်ဝဲသလုံးတော်ဓာတ်စေတီတော်မြတ်ကြီး ရင်ပြင်တော်တို့၌ ကျင်းပရာ သံဃာတော်အရှင်သူမြတ်များ၊ ရခိုင်ပြည် နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ် အမျိုးသမီးရေးရာ အဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ စစ်တွေတပ်နယ်မှ တပ်မတော်အဆင့်မြင့်အရာရှိကြီးများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့မိ၊ မြို့ဖများ၊ လူမှုရေးအဖွဲ့အစည်းများကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် လောကာနန္ဒာစေတီတော်မြတ်ကြီး လှိုင်ဂူတော် အတွင်းရှိ ဗုဒ္ဓဆင်းထုတော်များအား ဖူးမြော်ကြည်ညိုကာ ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်သည်။  ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် စစ်တွေမြို့၊ တပ်ဦးဆုတောင်း ပြည့်ကျောင်းတိုက် ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဉာဏဝံသ မထေရ်မြတ်အမှူးပြုသော သံဃာတော်အရှင်သူမြတ်များအား အာရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် သံဃာတော်အရှင်သူမြတ်များ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များသည်  လောကာနန္ဒာ စေတီတော်မြတ်ကြီး၏ ငြမ်းစေတီတော်ပေါ်သို့တက်ရောက်၍ လောကာနန္ဒာစေတီတော် မြတ်ကြီး  ထီးတော်နှင့် စိန်ဖူးတော်တို့ကြံ့ခိုင်မှုအား ကြည့်ရှုစစ်ဆေးဖူးမြော်ကြည်ညိုကာ ပန်းနှင့် အမွှေးနံ့သာရေများ ပက်ဖျန်းပူဇော်ကြပြီး သံဃာတော်အရှင်သူမြတ်များက စေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေကအနေကဇာ တင်တော်မူကြသည်။ ဆက်လက်၍ ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ပွဲ အခမ်းအနားကိုကျင်းပရာ စစ်တွေမြို့၊ ကြွဖြူကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တတေဇဝန္တ မဟာထေရ်မြတ်ထံမှ ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြပြီး သံဃာတော်အရှင်သူမြတ်များက ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်တော်မူကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက သံဃာ တော် အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းကြကာ စစ်တွေမြို့၊ ပညာလင်္ကာရကျောင်း တိုက်ပဓာနနာယက၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တနာဂိန္ဒ မဟာထေမြတ်ထံမှ ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်များက အနုမောဒနာတရားနာကြားကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။

ထို့နောက် အခမ်းအနားဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ လောကာနန္ဒာစေတီတော်မြတ်ကြီး ပရိဝုဏ်အရှေ့ မြောက်ထောင့်ရှိ မဟာဗောဓိပင်များကို ကဆုန်ညောင်ရေသွန်းလောင်းနိုင်ရန်အတွက် ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ပရိသတ်များက လောကာနန္ဒာစေတီတော်မြတ်ကြီးအား လက်ယာရစ်တစ်ပတ် လှည့်လည်ပူဇော်ကြသည်။

ဆက်လက်၍ သံဃာတော်အရှင်သူမြတ်များနှင့် ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများက နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရား ကန်တော့ကာ အမှတ် (၁) မဟာဗောဓိပင်အား သံဃာတော်အရှင်သူမြတ်များက ဦးဆောင်၍ ညောင်ရေသွန်းလောင်း ပူဇော်ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဒေသခံ ပြည်သူများသည် အမှတ် (၂) မဟာဗောဓိပင်သို့သွားရောက်ပြီး ညောင်ရေသွန်းလောင်းပူဇော်ခဲ့ကြသည်။ ထိုသို့ ညောင်ရေ သွန်းလောင်းပူဇော်ကြစဉ် ဝတ်ရွက်အသင်းများက “သွန်းကြသွန်းကြ” (၈) လုံးဘွဲ့ကဗျာအား သံပြိုင်ရွတ်ဆိုကြကာ အခမ်းအနားမှူးက အောင်ဆုမင်္ဂလာအမျှဝေစာတမ်းကို ဖတ်ကြား၍ အမျှပေးဝေပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု (၃) ကြိမ် ရွတ်ဆိုဆုတောင်းကာ ရုပ်သိမ်းခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ရှေးဟောင်းသမိုင်းဝင် လက်ဝဲသလုံးတော် ဓာတ်စေတီတော်မြတ်ကြီး ဘက်စုံပြန်လည်ပြုပြင်မွမ်းမံပြင်ဆင်ခြင်းကုသိုလ် ရေစက်ချ အလှူတော်မင်္ဂလာနှင့် ဘူမိဖဿရုပ်ပွားတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ သံဃာတော်အရှင်သူမြတ်များက လက်ဝဲသလုံးတော်ဓာတ် စေတီတော်မြတ်ကြီး ပရိဝုဏ်အတွင်းရှိ ဗောဓိညောင်ပင်အား ရှေးအစဉ်အလာအတိုင်း ဗုဒ္ဓါဘိသေကအနေကဇာတင်တော်မူကြပြီး ညောင်ရေသွန်းလောင်းပူဇော်ကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် စေတီတော်မြတ်ကြီး ဓမ္မာရုံရှိဗုဒ္ဓရုပ်ပွားတော်များအား သစ်သီး၊ ပန်း၊ ရေချမ်းများ ကပ်လှူပူဇော်ကြပြီး သံဃာတော်အရှင်သူမြတ်များက ဘူမိဖဿရုပ်ပွားတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာ တင်တော်မူကြသည်။ ယင်းနောက် စစ်တွေမြို့၊ အောင်မြေကုန်းကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တစန္ဒာဝရထံမှ ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်များ ကငါးပါးသီလ ခံယူဆောက်တည် ကြပြီး သံဃာတော်အရှင်သူမြတ်များက ပရိတ်တရားတော်များ ချီးမြှင့်ကြရာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ကိုယ်စား ပြည်နယ်ဥပဒေချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။

ဆက်လက်၍ သံဃာတော်အရှင်သူမြတ်များအား ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြပြီး ရွှေစေတီကျောင်းတိုက် ပဓာနနာယကဆရာတော် ဒေါက် တာဘဒ္ဒန္တအရိယဝံသထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။

အခမ်းအနားအပြီးတွင်သံဃာတော်အရှင်သူမြတ်များအား ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး ရှေးဟောင်းသမိုင်းဝင် လက်ဝဲသလုံးတော်ဓာတ် စေတီတော်မြတ်ကြီး ဘက်စုံပြန်လည်ပြုပြင်မွမ်းမံပြင်ဆင်ခြင်း ကမ္ဗည်းမော်ကွန်းကျောက်စာတိုင်အား အမွှေးနံ့သာရေများ ပက်ဖြန်းခဲ့ကြကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)