ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား ဒုတိယအကြိမ် ထောက်ပံ့ငွေများ ပေးအပ်

ဒဂုံဆိပ်ကမ်း မေ ၅

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ပေးအပ်သော တစ်ဦးလျှင် ငွေကျပ် ၂၀၀၀၀/-နှုန်းဖြင့် ဒုတိယအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက အမှတ်(၉၄)ရပ်ကွက်၊ အိမ်ရာစီမံခန့်ခွဲရေးကော်မတီရုံးခန်းမတွင် ပေးအပ်ခဲ့ကြောင်းသိရသည်။

အဆိုပါထောက်ပံ့ငွေပေးအပ်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုအသင်း၊ အမျိုးသမီးရေးရာအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၉၂၊ ၉၃၊ ၉၄)ရပ်ကွက်အတွင်းသို့ နေရပ်စွန့်ခွာ၍ ပြောင်းရွေ့ရောက်ရှိလာသည့် ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ပေးအပ်သော တစ်ဦးလျှင် ငွေကျပ် ၂၀၀၀၀/-နှုန်းဖြင့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလနှင့်မတ်လ နှစ်လစာအတွက် စုစုပေါင်း ၄၀၀၀၀/-ကျပ်အား လူဦးရေ(၉၂၆)ဦးအတွက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဖြိုးစန္ဒာ (ပြန်/ဆက်)