ကျိုင်းတုံမြို့၌ တိုင်းရင်းဆေးပညာ စဉ်ဆက်မပြတ် ပညာပေးရေးအစီအစဉ် C.T.M.E အခမ်းအနား ကျင်းပ

ကျိုင်းတုံ မေ ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ တိုင်းရင်းဆေးပညာ စဉ်ဆက်မပြတ် ပညာပေးရေးအစီအစဉ် C.T.M.E အခမ်းအနားကို ယမန်နေ့က (၂၅)ခုတင်ဆံ့ တိုင်းရင်းဆေးရုံ(ကျိုင်းတုံ)၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်-၂ ဦးစိုင်းဆမ်တစ်က အမှာစကားပြောကြားပြီး (၂၅)ခုတင်ဆံ့ တိုင်းရင်းဆေးရုံ(ကျိုင်းတုံ) ဆေးရုံအုပ် စာတမ်းရှင် ဦးမြင့်ခိုင်က အအေးမိနှာစေးရောဂါကို ဆေးနံ့သာတုပ်ကွေးအဖျားပျောက်ဆေးဖြင့် ကုသခြင်းအား လေ့လာခြင်းအကြောင်း စာတမ်းဖတ်ကြားပြီး တက်ရောက်လာကြသည့် ကျိုင်းတုံခရိုင် တိုင်းရင်းဆေးပညာဦးစီးဌာနမှူး ဦးမင်းဟန်၊ ကျိုင်းတုံမြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်အေးမြမြဖြူ၊ ကျိုင်းတုံတိုင်းရင်းဆေးရုံ ဒုတိယဆေးရုံအုပ် ဦးဆန်းလှိုင်၊ ကျိုင်းတုံ/တာချီလိတ်ခရိုင်တိုင်းရင်းဆေးအသင်းနှင့် ဖိတ်ကြားထားသူများက ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် တာချီလိတ်မြို့ လင်းသုခတိုင်းရင်းဆေးကုခန်းနှင့် တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးဆေးတိုက်မှ ဆရာဦးဇော်လင်းက စာတမ်းရှင်အား ဂုဏ်ပြုဆုငွေပေးအပ်ချီးမြှင့်ပြီး ကျိုင်းတုံခရိုင်တိုင်းရင်းဆေးဆရာအသင်းမှ ဆရာကြီး ဦးကြည်ဝင်းက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)