ဆီဆိုင်မြို့နယ်၌ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၅) သင်တန်းဖွင့်ပွဲကျင်းပ

ဆီဆိုင် မေ ၁၂

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း(ဆိုက်ခေါင်)တွင် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ် သင်တန်းအမှတ်စဉ်(၅) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ပါလောပါကယ်ကျေးရွာအုပ်စု၊ ဆိုက်ခေါင်စံပြကျေးရွာရှိ အဆိုပါသင်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးတို့  တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းက ယခုလို အိမ်တွင်းမှုသင်တန်းများ ဖွင့်လှစ်ပေးထားခြင်းဖြင့် နယ်စပ်ဒေသနှင့် မြေပြန့်ဒေသရှိ တိုင်းရင်းသူများအနေနဲ့ ကိုယ်ပိုင်ယဉ်ကျေးမှုများ၊ ကိုယ်ပိုင်ဝတ်စားဆင်ယင်မှုများ၊ ကိုယ်ပိုင်လက်မှုအတတ်ပညာများဖြင့် မိမိဘဝ၊ မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးကို လက်တွေ့ကျကျ ဆောင်ရွက်နိုင်မှာဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေနဲ့ သင်တန်းသူများအတွက် နေထိုင်ရေး၊ စာသောက်ရေး၊ ပညာသင်ကြားရေး အစစအရာရာအကုန်ကျခံပြီး သင်ကြားပေးနေသည်ဖြစ်၍  သင်တန်းသူများအနေဖြင့် သင်တန်းကျောင်းမှ အသက်မွေးဝမ်းကျောင်းပညာနဲ့ ဗဟုသုတများကို ထူထူးချွန်ချွန်တတ်မြာက်အောင် လေ့လာသင်ယူကြပြီး လက်တွေ့နယ်ပယ်မှာ အကျိုးရှိရှိအသုံးချကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၊ ကျောင်းအုပ်  ဒေါ်ခင်စန်းဝင်းက သင်တန်းနှင့်ပတ်သက်၍ စီစဉ်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးက သင်တန်းသူများအတွက် ချီးမြှင့်ငွေပေးအပ်ရာ ကျောင်းအုပ်ဆရာမမှ လက်ခံရယူခဲ့သည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် တာဝန်ရှိသူတို့သည် သင်တန်းကျောင်းမှ ခင်းကျင်းပြသထားသည့် သင်ထောက်ကူပစ္စည်းများ၊ ခေတ်မီဒီဇိုင်းလက်ရာများကို ကြည့်ရှုခဲ့ကြပြီးနောက် သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားပြောကြားခဲ့သည်။ အဆိုပါသင်တန်းတွင် သင်တန်းသူ(၃၂)ဦး တက်ရောက်ကြပြီး သင်သန်းကာလမှာ မေလ ၁၂ ရက်နေ့မှ အောက်တိုဘာလလ ၁၂ ရက်နေ့အထိ ရက်သတ္တပတ်(၂၂)ပတ်ကြာ စာတွေ့လက်တွေ့ အခမဲ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြာင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)