ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ကဆုန်လပြည့်(ဗုဒ္ဓအခါတော်)နေ့တွင် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲနှင့် သံဃာတော်များအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်း

တောင်ကြီး မေ ၁၂

ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ကဆုန်လပြည့်(ဗုဒ္ဓအခါတော်နေ့)တွင် အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူခြင်းနှင့် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခြင်းကို ယမန်နေ့ နံနက်(၆)နာရီခွဲက တောင်ကြီးမြို့ စူဠာမုနိလောကချမ်းသာစေတီတော်ဓမ္မာရုံ၌ ကျင်းပသည်။

အခမ်းအနားတွင် တောင်ကြီးမြို့ပေါ်ရှိ ဆရာတော်သံဃာတော်(၁၀၈)ပါးအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့်ဇနီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့က အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းပေးကြသည်။

ဆက်လက်၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေရာ အခမ်းအနားကို ဆရာတော်၊ သံဃာတော်နှင့် ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်တို့က နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး တောင်ကြီးမြို့ စွန်းလွန်ဂူကမ္မဋ္ဌာန်းကျောင်းတိုက် ဦးစီးပဓနနာယက အဂ္ဂမဟာပဏ္ဍိတ၊ မဟာကမ္မဋ္ဌာနာစရိယ နိုင်ငံတော်သြဝါဒါစရိယ ဆရာတော်ဘဒ္ဒန္တအဂ္ဂဓမ္မာဘိဝံသထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များမှ ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။

ထို့နောက် ဆရာတော်၊ သံဃာတော်များအား ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် ဇနီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့က လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပေးကြပြီး တောင်ကြီးမြို့ သိမ်တောင်ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ရှမ်းပြည်နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တတေဇဝန္တထံမှ အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချအမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတ်ဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ၊ လူမူရေးအသင်းအဖွဲများတို့က ဆရာတော်၊ သံဃာတော်(၁၀၈)ပါးအား စူဠာမုနိလောကချမ်းသာစေတီတော်ရင်ပြင်တွင် ဆွမ်းဆန်စိမ်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူပေးကြပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ကဆုန်လပြည့်နေ့ (ဗုဒ္ဓအခါတော်နေ့)တွင် စူဠာမုနိလောကချမ်းသာစေတီတော်မြတ်ကြီးရှိ ပရိဘောဂစေတီခေါ်မဟာဗောဓိပင်အား ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲတွင် နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ဗောဓိညောင်ခြေပလ္လင်ဗွေ၌ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ၊ လူမူရေးအသင်းအဖွဲ့များက ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ပေးကြပြီးအခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ပြီးမြောက်ကြောင်း သိရသည်။

အဆိုပါ ကဆုန်လပြည့်(ဗုဒ္ဓအခါတော်)နေ့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ဌာနဆိုင်ရာများ၊ ဘုရားဖူးလာပြည်သူ့များအား စတုသိသာကြာဇံဟင်းခါးကျွေးမွေးကြောင်း သိရသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူးနှင့်ဇနီး၊ တာဝန်ရှိသူများသည် တောင်ကြီးမြို့ ချမ်းမြသာစည်ရပ်ကွက်ရှိ ဝဋ်ကြွေးကြေဆုတောင်းပြည့်စေတီတော် ထီးတော်တင်လှူပူဇော်ပွဲ အခမ်းအနားသို့ တက်ရောက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ထီးတော်၊ ဌက်မြတ်နားတော်၊ စိန်ဖူးတော်တို့ကို တင်လှူပူဇော်ပေး၍ ရွှေမိုး၊ ငွေမိုး ရွာသွန်းဖြိုးပေးကြပြီး ဆရာတော်၊ သံဃာတော်ကြီးများက ဘုရားအနေကဇာတင်ပူဇော်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းပေးကြကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)