မိုင်းကိုင်မြို့နယ်၊ မဇ္ဈိမာရာမပရိယတ္တိစာသင်တိုက်၏ စိတ္တသုခဝိဟာရကျောင်းဆောင်သစ်နှင့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲနှင့် လှူဒါန်းရေစက်ချပွဲကျင်းပ

မိုင်းကိုင် မေ ၁၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၊ အမှတ် (၄) ရပ်ကွက်ရှိ မဇ္ဈိမာရာမပရိယတ္တိစာသင်တိုက်၏ စိတ္တသုခဝိဟာရကျောင်းဆောင်သစ်နှင့် ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအခမ်းအနားကို မေလ ၁၁ ရက်နေ့၊ ကဆုန်လပြည့်နေ့ မနက်ပိုင်းက  အဆိုပါပရိယတ္တိစာသင်တိုက်၏ ကျောင်းအဝင်မုဒ်ဦးရှေ့၌ကျင်းပပြုလုပ်ခဲ့ရာ မဇ္ဈိမာရာမပရိယတ္တိစာသင်တိုက်၏ ဦးစီးပဓာန နာယကဆရာ‌တော် ဘဒ္ဒန္တစန္တာဝရနှင့် ရပ်နီးရပ်ဝေးမှ ဆရာတော်သံဃာတော်များ၊ ဒေသအာဏာ ပိုင်အဖွဲ့အစည်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်လုပ်သားပြည်သူများ၊ စေတနာရှင်အလှူရှင်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင်  မိုင်းကိုင်မြို့နယ်၊ ဝမ်ကောင်းကျောင်းဆရာတော် ဘဒ္ဒန္တစာရိန္ဒနှင့် လားရှိုးမြို့ ရွှေပြည်အေးရိပ်သာကျောင်းဆရာတော် ဘဒ္ဒန္တခမာဝုဒ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးမောင်တင်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် ကြွရောက်လာကြသော ဆရာတော်၊ သံဃာတော်များက မဇ္ဈိမာရာမပရိယတ္တိစာသင်တိုက်၏ ကမ္ဗည်းမော်ကွန်းကျောက်စာ၊ စိတ္တသုခဝိဟာရကျောင်းဆောင်သစ်၏ ကမ္ဗည်းမော်ကွန်းကျောက်စာများကို အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းခြင်းများ ဆောင်ရွက်ပြီးနောက် ကောင်းမှုကုသိုလ်အစုစုတို့အတွက် လှူဒါန်းရစက်ချပွဲကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ချော(မိုင်းကိုင်)