ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့)တွင် မန္တလေးမြို့အနှံ့ ဗောဒိညောင်ပင်အား ညောင်ရေသွန်းလောင်းသူများ၊ စတုဒိသာကုသိုလ်ပြုသူများဖြင့် စည်ကားများပြား

ချမ်းအေးသာစံ မေ ၁၂

ကဆုန်လပြည့်(ဗုဒ္ဓနေ့)သည် ထေရဝါဒဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများအတွက် နေ့ထူးနေ့မြတ်ဖြစ်ပြီး မန္တလေးမြို့ပေါ်ရှိ တန်ခိုးကြီးဘုရား စေတီ၊ ပုထိုးများတွင် ဗုဒ္ဓဘိသေက အနေကဇာတင်လှူပူဇော်ပွဲများနှင့် ပရိဘောဂစေတီထိုက်သော ဗောဓိညောင်ပင်တို့အား ညောင်ရေသွန်းလောင်း ပူဇော်ပွဲများ ကျင်းပခြင်း၊ ဆရာတော်၊ သံဃာတော်များအား ဆွမ်းဆန်တော်များ လောင်းလှူခြင်း၊ ဓမ္မစကြာဝတ်အသင်းများမှ ရွတ်ဖတ်ပူဇော်ခြင်း၊ စတုဒိသာများဖြင့် ဧည့်ခံကုသိုလ်ပြုခြင်းတို့ဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

မေလ(၁၁)ရက်‌နေ့ နံနက်ပိုင်းက ဘဝမင်းရှင်မင်းတုန်းမင်းကြီး တည်ထားကိုးကွယ်ခဲ့သော မဟာသကျမာရဇိန်ကျောက်တော်ကြီးဘုရားတွင် ညောင်ရေသွန်းလောင်းပွဲ အခမ်းအနားကို ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အဖွဲ့ တက်ရောက်ကြပြီး ကျောက်တော်ကြီးမြတ်စွာဘုရားအား ဖူးမြှော်ကြည်ညို၍ ညောင်ရေသွန်းလောင်းပူဇော်ပွဲလာ ကျောင်းသား၊ ကျောင်းသူများ၊ ဘုရားဖူးလာဧည့်ပရိသတ် တို့အား နှုတ်ဆက်ကာ ဘုရားပရိဝုဏ်ရှိ ဗောဓိညောင်ပင်များတွင် ဘုရားဖူးပြည်သူများနှင့်အတူ ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ခဲ့ကြပြီး ညနေပိုင်းတွင် ချမ်းအေးသာစံမြို့နယ်ရှိ သီပေါမင်းတရားကြီး တည်ထားကိုးကွယ်သည့် မဟာလောကရန်နှိမ်အောင်တော်မူ မြတ်စွာဘုရားသို့ သွားရောက်ဖူးမြှော်ကြည်ညိုပြီး ဘုရားပရိဝုဏ်ရှိ ဗောဓိညောင်ပင်တွင် ဘုရားဖူးများနှင့်အတူ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းနိုင်