သန်လျင်မြို့နယ်၌ ကဆုန်ညောင်ရေသွန်းပွဲနှင့် ဗုဒ္ဓနေ့အခမ်းအနား ကျင်းပ

ရန်ကုန် မေ ၁၁

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ကျင်းပသော (၇၈)ကြိမ်မြောက် ကဆုန်လပြည့်ဗုဒ္ဓနေ့အခမ်းအနားကို ယနေ့နံနက် (၇)နာရီတွင် သန်လျင်မြို့ သာသနာ့ဗိမာန်ကြီး၌ ကျင်းပခဲ့သည်။

အစီအစဉ်အရ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဘာသာရေး၊ လူမှုရေးအသင်းအဖွဲ့များက သာသနာ့ဗိမာန်တစ်ပတ် လှည့်လည်၍ ဗိမာန်ဝင်းအတွင်းရှိ မဟာဗောဓိညောင်ပင်တွင် ညောင်ရေသွန်းလောင်း ပူဇော်ခဲ့ကြသည်။

ဆက်လက်၍ ဗုဒ္ဓနေ့အခမ်းအနားကို ဗိမာန်အပေါ်ထပ်တွင်ကျင်းပရာ အခမ်းအနားအား ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ကရင်ဆိပ်ကျောင်းဆရာတော်ထံမှ သီလခံယူဆောက်တည်ကြသည်။ ထို့နောက် ကဆုန်လပြည့်ဗုဒ္ဓနေ့ဖြစ်ပေါ်လာပုံနှင့် ဗုဒ္ဓနေ့ကိုအစီအစဉ်များအတိုင်းကျင်းပပြီး ဆရာတော်ကြီးများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် သန်လျင်ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော်ထံမှ ဧည့်ပရိတ်သတ်များက ရေစက်ချတရားတော် နာယူခဲ့ကြကြောင်း သိရသည်။

ဖြိုးသီဟ (ခရိုင်၊ ပြန်/ဆက်)