ကဆုန်လပြည့်နေ့တွင် ကျောက်ပန်းတောင်းမြို့ မြို့ဦးအောင်စေတီ၌ ပင့်သံဃာ (၁၀၈)ပါးတို့အား ဆွမ်းဆန်တော်လောင်းလှူပွဲ ကျင်းပ

ကျောက်ပန်းတောင်း မေ ၁၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်၍ ကဆုန်လပြည့်(ဗုဒ္ဓနေ့)အထိမ်းအမှတ်အဖြစ် ပင့်သံဃာ (၁၀၈)ပါးတို့အား ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် (၇)နာရီက အောင်မင်္ဂလာရပ်ကွက်ရှိ မြို့ဦးအောင်စေတီရင်ပြင်တွင် ပြုလုပ်ခဲ့သည်။

အဆိုပါ ဆွမ်းဆန်တော်လောင်းလှူပူဇော်ပွဲသို့ မြို့ပေါ်ရှိ စာသင်တိုက်ကြီးများနှင့် ဘုန်းတော်ကြီးကျောင်းများမှ ပင့်သံဃာ (၁၀၈)ပါး ကြွရောက်အလှူခံယူတော်မူကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ဌာနဆိုင်ရာများ၊ ကျောက်ပန်းတောင်းတပ်နယ်မှ တပ်ရင်းတပ်ဖွဲ့ဝင်များနှင့် မိသားစုများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နှင်းနှင်းဝေနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အလှူရှင်များ၊ ဘာသာရေးအသင်းအဖွဲ့များ၊ စီပွားရေးလုပ်ငန်းရှင်များ စုစုပေါင်းအင်အား (၇၈၂)ဦးတို့က ဆွမ်းဆန်တော်နှင့် အခြားလှူဖွယ် ဝတ္ထုပစ္စည်းများ၊ နဝကမ္မဝတ္ထုငွေအပါအဝင် စုစုပေါင်း တန်ဖိုးငွေကျပ် (၁၇,၅၄၃,၀၀၀) (ကျပ် တစ်ရာခုနှစ်ဆယ့် ငါးသိန်း  လေးသောင်း သုံးထောင်)အား သဒ္ဒါကြည်ဖြူစွာ လောင်းလှူဆက်ကပ်ခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)