လှိုင်သာယာ မေ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် စားအုန်းဆီ အရောင်းဆိုင်များ၊ အိမ်ဆောက်ပစ္စည်းဆိုင်များနှင့် ဆန်ဂိုဒေါင်အရောင်းဆိုင်များအား ကွင်းဆင်းစစ် ဆေးခြင်းကို ယမန်နေ့နေ့လယ်(၂)နာရီ၌ အမှတ်(၆)ရပ်ကွက်၊ အမှတ်(၁၅) ရပ်ကွက်၊ ကစင်ကျေးရွာ၊ ရွှေလင်ပန်းကျေးရွာတို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့်အဖွဲ့၀င်တို့က ကွင်းဆင်းစစ်ဆေးလျက်ရှိသည်။
ထို့နောက် ရွှေဘုန်းစက်ဆန်ဆိုင်၊ ရွှေမနောမြေ၊ အမှတ်(၄၆၅/B2)နှင့် ရွှေဝါနဒီ၊ အမှတ်(၄၆၅/က)၊ ရွှေလင်ပန်းစက်မှုဇုန်၊ သူရိန်အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်၊ Super Star အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်တို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဘော်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးကြည်သာဇော်၊ မြို့နယ်စည်ပင်သာယာရေး လက်ထောက်အုပ်ချုပ်ရေးမှူး ဦးဇေယျာဟိန်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်လဲ့လဲ့စိုးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူတို့က ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိသည်။
ထို့နောက် ကွင်းဆင်းရာတွင် စားအုန်းဆီအရောင်းဆိုင်များအနေဖြင့် သတ်မှတ်ရည်ညွှန်း ဈေး၏(၂%)သာ ရောင်းချစေရေး၊ အိမ်ဆောက်ပစ္စည်းဆိုင်များအား ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်း၊ ရောင်းချမှုမရှိဘဲကြာရှည်စွာ သိုလှောင်ထားခြင်းများ စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း၊ ဆန်ဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေးနှင့် သတ်မှတ်ရည်ညွှန်းဈေး၏ (၈%)ထက် ပိုမိုရောင်းချခြင်းများဆောင်ရွက်ပါကအရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဘော်က အသိပညာပေးပြောကြားဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ခင်၀င်းမူ(ပြန်/ဆက်)