သထုံ မေ ၁၁
မွန်ပြည်နယ်၊ သထုံမြို့ ကျက်သရေဆောင် လေးဆူဓာတ်စံရွှေစာရံစေတီတော် မြတ်ကြီး၏ ကဆုန်လပြည့်(ဗုဒ္ဓနေ့) ညောင်ရေသွန်းပွဲတော်နှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်း အခမ်းအနားကို ယနေ့နံနက်က စေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ စေတီတော်မြတ်ကြီးဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ဆရာတော်ကြီးများဦးဆောင်၍ သံဃာတော်အရှင်သူမြတ်များက စေတီတော် မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်ပူဇော်ကြရာ နယ်မြေခံတပ်နယ်မှူး ဗိုလ်မှူးကြီးအောင်အောင်ဟိန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးစိုးနှင့်အဖွဲ့ဝင်များ တက်ရောက်လာသူများက နာယူကြည်ညိုခဲ့ကြသည်။
ထို့နောက် သံဃာတော်အရှင်သူမြတ်များနှင့်အတူ နယ်မြေခံတပ်နယ်မှူး၊ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအသီးသီးမှ ဒေသခံပြည်သူများက ဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းခြင်း ညောင်ထောက်ကုသိုလ်ပြုခြင်းတို့ကို စည်ကားသိုက်မြိုက်စွာ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)