ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

တောင်ကြီး မေ ၁၁

မကြာမီ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပရမည့်အချိန် နီးကပ်လာပြီဖြစ်သည့်တွက် မဲဆန္ဒရှင်စာရင်းများပြုစုရာတွင် ပြည့်စုံမှန်ကန်စေရေးအတွက် လုပ်ငန်းများဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန်အတွက် ယမန်နေ့ နံနက် (၉)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရှမ်းပြည်နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရေးကောက်ပွဲကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်း မှန်ကန်စေရေးသည် အဓိကကျသောအချက်ဖြစ်သောကြောင့် အထူးအလေးထားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မဲဆန္ဒရှင်စာရင်းများပြုစုရာတွင် သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသည့် (၁၈)နှစ်နှင့်အထက် နိုင်ငံသားအားလုံးပါဝင်နိုင်ရေး၊ ဥပဒေအရ နိုင်ငံသားမဖြစ်သေးသူ သတ်မှတ်အရည်အချင်းနှင့်မပြည့်စုံသူ (ဥပမာ- အသက်(၁၈)နှစ်မပြည့်သေးသူများ၊ နိုင်ငံသားအဖြစ်မှ ရပ်စဲထားသူများ၊ ကွယ်လွန်ပြီးသူများစသဖြင့်) မပါဝင်ဖို့ရန် အရေးကြီးပါကြောင်း၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးသည် လွတ်လပ်ပြီး တရားမျှတသောရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်း မှန်ကန်ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ဆောင်၍ မဲပေးပိုင်ခွင့်ရရှိအောင် ဆောင်ရွက်ပြုလုပ်ပေးရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာတာဝန်ရှိသူများကလည်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရာတွင် အားလုံး ကဝိုင်းဝန်းကြိုးစားပေးကြရန် ပြောကြားခဲ့သည်။

ထို့နောက် ရှမ်းပြည်နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဝင် ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်နယ်ဦးစီးမှူးနှင့် ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးတို့က မြေပြင်ကွင်းဆင်းစာရင်းကောက်ယူမှု စာရင်းဇယားနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေး တင်ပြခဲ့ကြသည်။

၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေးရာသက်ဆိုင်ရာဌာနများမှ တင်ပြရှင်းလင်းဆွေးနွေးသွားပြီးဖြစ်၍ မြို့နယ်များအတွင်း အားနည်းချက်များရှိနေသေးသဖြင့် အားလုံးက ဝိုင်းဝန်းပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ မဲစာရင်းမှန်ကန်ရေးနှင့် မဲပေးပိုင်ခွင့်ရှိသူများ ပါရှိဆောင်ရွက်ပေးရမည်ဖြစ်ပြီး အခြေခံဥပဒေမှ ပြဋ္ဌာန်းထားသည့်အတိုင်း ရာခိုင်နှုန်းပြည့်မီအောင် ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ ယခုအစည်းအဝေးတွင်လည်း အားနည်းချက်ရှိသော မြို့နယ်များမှ တင်ပြဆွေးနွေးပေးစေလိုကြောင်းပြောကြားပြီး တက်ရောက်လာသူများမှ တင်ပြဆွေးနွေးကြပြီး ရှမ်းပြည်နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က မိမိခရိုင်၊ မြို့နယ်များ အကောင်းဆုံးဖြစ်အောင် ကြိုးစားပေးကြရန်နှင့် ရုံးမှတ်တမ်းများလည်း ကျန်ရှိအောင် ဆောင်ရွက်ပေးစေလိုကြောင်း နိဂုံးချုပ်စကား၌ ပြောကြားသွားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ရှမ်းပြည်နယ်လွှတ်တော်ရုံးသို့သွားရောက်၍ လွှတ်တော်ရုံးအဆောက်အဦပြုပြင်နေမှုများနှင့် မန္တလေးငလျင်ဒဏ်ကြီးကြောင့် ရှမ်းပြည်နယ်လွှတ်တော်ရုံး အတွင်းပိုင်းရှိ ရုံးခန်းကြမ်းခင်း ကြွေပြားဖောင်းကြွအက်ကွဲမှုဖြစ်ပွားသည့်နေရာ အသစ်ပြန်လည်ပြုပြင်နေမှုနှင့် မီဒီယာခန်း၊ စာကြည့်တိုက်ခန်းမ၊ သံလွင်ခန်းမ၊ လွှတ်တော်ရေးရာကော်မတီအခန်း၊ လွှတ်တော်အစည်းအဝေးခန်းမနှင့် လွှတ်တော်ရိပ်သာတို့ကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ဖြည့်စွက်၍ တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)