တောင်ကြီး မေ ၁၁
တောင်ကြီးမြို့ သာယာလှပရေးနှင့် မြို့တွင်းလမ်း မော်တော်ယာဥ်များ ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး၊ လမ်းကောင်းမွန်ရေးအတွက် AC လမ်းခင်းခြင်းနှင့် မိုးရာသီကာလတွင် ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေနုတ်မြောင်းများပြုပြင်ခြင်း၊ အုတ်စီခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မေလ (၉)ရက်နေ့ နံနက်(၁၁)နာရီက တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက် ရေထွက်ဦးလမ်း (နေလလမ်းမှ ပညာဗောဓိကျောင်းသွားလမ်းဆုံထိ) AC လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်စည်ပင်သာယာရေးဌာန ညွန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ကွင်းဆင်းကြည့်ရှုစစ်ဆေးကြကြောင်း သိရသည်။
ရေထွက်ဦးလမ်း (နေလလမ်းမှ ပညာဗောဓိကျောင်းသွားလမ်းဆုံထိ) AC လမ်းခင်းခြင်းဆောင်ရွက်နေမှု၊ လမ်းနယ်ချဲ့ခြင်း၊ နိုင်လွန်ကတ္တရာခင်းခြင်း၊ ရေမြောင်းပြုပြင်ခြင်း၊ အုတ်စီခြင်းဆောင်ရွက်နေမှုကို မြို့နယ်စည်ပင်သာယာရေးဌာနအင်ဂျင်နီယာမှူး ဦးဖြိုးပြည့်ဟိန်းမှရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များဖြည့်စွက်မှာကြား၍ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး လမ်းအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါရေထွက်ဦးလမ်း (နေလလမ်းမှ ပညာဗောဓိကျောင်းသွားလမ်းဆုံထိ) AC လမ်းခင်းခြင်း၊ လမ်းနယ်ချဲခြင်း၊ နိုင်လွန်ကတ္တရာခင်းခြင်း၊ ရေမြောင်းပြုပြင်ခြင်း၊ အုတ်စီခြင်းလုပ်ငန်းများကို ၂၀၂၅ ခုနှစ် မေလအတွင်း အပြီးသတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)