လသာ ဒီဇင်ဘာ ၁၀
Stay at home ကာလအတွင်း ပြည်သူများ နေအိမ်ပြင်ပသို့ မဖြစ်မနေကိစ္စများမှလွဲ၍ သွားလာခြင်းမပြု ရန် ပြည်သူများ လိုက်နာစေရန်အတွက် အသိပညာပေးဆောင်ရွက်ခြင်းကို လသာမြို့နယ်တွင် ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေး မှူးများမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် လသာမြို့နယ် အနော်ရထာလမ်းမကြီးတစ်လျှောက် ဖြတ်သန်းသွားလာ နေသောယာဉ်များအား ရပ်တန့်စေပြီး နေအိမ်ပြင်ပသို့ ထွက်ခွာသည့် အကြောင်းအရာအား မေးမြန်း ခြင်း၊ မိသားစုကျန်းမာရေးနှင့်စားသောက်ရေး ဈေးဝယ်ခြင်းကိစ္စများနှင့် အရေးကြီးကိစ္စများမှလွဲပြီး အကြောင်းမဲ့ ပြင်ပထွက်ခွာသွားလာခြင်းမပြုရန် စစ်ဆေးခြင်းနှင့် နှာခေါင်းစည်းများ တပ်ဆင်စေရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။
မေသူ(ပြန်/ဆက်)