သာကေတမြို့နယ် ရေစီးရေလာကောင်းမွန်ရေးနှင့် သန့်ရှင်းသော သောက်သုံးရေ ရရှိရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ရန်ကုန် မေ ၁၀

ရန်ကုန်မြို့တော် ရေစီးရေလာကောင်းမွန်ရေး၊ ရေကြီးရေလျံမှုမဖြစ်စေရေးနှင့် ပြည်သူများ သန့်ရှင်းသော သောက်သုံးရေရရှိရေးလုပ်ငန်းများကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ စဉ်ဆက်မပြတ် စစ်ဆေးကြပ်မတ် ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ စည်ပင်သာယာရေး ဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန်ဦးညီညီ၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့် တာဝန်ရှိသူများ လိုက်ပါလျက်ယနေ့ နံနက် ၇ နာရီက သာကေတမြို့နယ်အတွင်း ရေစီးရေလာကောင်းမွန်စေရန်နှင့် ရေကြီးရေလျံမှုများ မဖြစ်စေရေးအတွက် ဧရာဝဏ်လမ်းဘေးဝဲ/ယာတစ်လျောက် ရေမြောင်းအား အင်ဂျင်နီယာဌာန (ရေစီးရေလာ စီမံခန့်ခွဲမှု) ဝန်ထမ်းများက အမှိုက်များ၊ မြောင်းချေးနှင့် နုန်းများဆယ်ယူရှင်းလင်းနေမှု၊ အမှတ်(၁၄)မြစ်ထွက်ပေါက်နှင့် အမှတ်(၁၃)မြစ်ထွက်ပေါက်များ၏ ရေစီးရေလာ အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည့် စက်ယန္တရားများ အသုံးပြုပြီး ရေမြောင်းတစ်လျောက် ဆက်လက်ရှင်းလင်းရန်၊ ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်းနံရံများအား ဖြောင့်တန်းစွာ ရှင်းလင်းဆောင်ရွက်ရန်၊ အမှိုက်နှင့်နုန်းများအား ဆယ်ယူပြီး စနစ်တကျစွန့်ပစ်ရန်၊ ရေမြောင်းပိတ်ဆို့မှု မရှိစေရေး မြစ်ထွက်ပေါက်ထိ ဆက်လက်ရှင်းလင်းရန်၊ ရေမြောင်းနှင့် ယာဉ်သွားလမ်းကြားနေရာရှိ မြက်ပင်ချုံနွယ်များ ရှင်းလင်းရန်၊ ရေကြီးရေလျံမှုများ မဖြစ်စေရေးအတွက် အလေးထားဆောင်ရွက်ရန်တို့ကို မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက်မြို့တော်ဝန်နှင့်အဖွဲ့သည် ၁/အနော်မာရပ်ကွက်၊ အနော်မာလမ်းထိပ်ရှိ  အနော်မာ အများသုံးမြေသားမိုးရေစုကန်ကို ကြည့်ရှုစစ်ဆေးပြီး အများပြည်သူသန့်ရှင်းသော သောက်သုံးရေရရှိရေး အနော်မာရေကန်မှရေကို ဆိုလာစနစ်ဖြင့် အသုံးပြုနိုင်ရေး ဆောင်ရွက်ရန်၊ ရေကန်ပတ်ဝန်းကျင်သန့်ရှင်းသာယာသပ်ရပ်ရေး ပန်းအလှပင်များ စိုက်ပျိုးရန်၊ အားကစားလေ့ကျင့်ရေးကိရိယာများ ပြန်လည်ပြုပြင်ဆောင်ရွက်ရန် တို့ကိုမှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။  အနော်မာအများသုံးမြေသား မိုးရေစုကန်သည် အလျား ၄၇၈ ပေ၊ အနံ ၄၆၂ ပေ၊ အနက် ၈ ပေ၊ ရေသိုလှောင်ပမာဏ ၁၀ ဒဿမ ၀၆ ဂါလံသန်း၊ အကျယ်အဝန်း ၄ ဒဿမ ၆၆ ဧကကျယ်ဝန်းသည်။

ထိုမှတစ်ဆင့် မြို့တော်ဝန်နှင့်အဖွဲ့သည် ဧရာဝဏ်လမ်းနှင့် ရှုခင်းသာလမ်းထောင့်ရှိ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု) ဧရာဝဏ်ရေပေးဝေရေးစခန်း(၂) ဂါလံ(၂)သိန်းဆံ့ရေစုကန် တည်ဆောက်ပြီးစီးမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး သာကေတတစ်မြို့နယ် လုံးသောက်သုံးရေဖူလုံစွာ ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်ရန်၊ လျှပ်စစ်ဓာတ်အား အပြင်ဆိုလာစနစ်ဖြင့် ရေပေးဝေနိုင်ရေးဆောင်ရွက်ရန်တို့ကို မှာကြားကာလိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

အောင်မြင့်(ပြန်/ဆက်)