ပန်းဘဲတန်း မေ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ်ရုံး (Community Centre) ခန်းမတွင် နွေရာသီစာစီစာကုံးရေးသားနည်း သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀) အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ပန်းဘဲတန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းလင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးဇော်ဇော်ဝင်း၊ အဖွဲ့ဝင်(၃) ဦးအောင်ကျော်သူနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဒေါ်ထက်ထက်ဝင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များ၊ သင်တန်းနည်းပြဆရာမနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
သင်တန်းဆင်းပွဲတွင် ပန်းဘဲတန်းမြို့နယ် ခေတ္တအုပ်ချုပ်ရေးမှူး ဦးသိန်းလင်းအောင်က စာပေရေးသားခြင်းသည် အတွေးအခေါ်၊ စဉ်းစားဉာဏ်နှင့် ဘာသာစကားကျွမ်းကျင်မှုကို ဖွံ့ဖြိုးတိုးတက်စေပြီး လူငယ်များအတွက် အရေးပါသော အတတ်ပညာတစ်ရပ်ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဝေနိုင်ထွန်းက သင်တန်းကို စိတ်ပါဝင်စားစွာ မပျက်မကွက် တက်ရောက်ခဲ့ကြသော သင်တန်းသား၊ သင်တန်းသူများအား ကျေးဇူးတင်ကြောင်း၊ ဤသင်တန်းမှတစ်ဆင့် စာရေးသားခြင်း အတတ်ပညာ၊ အတွေးအမြင်များ ပိုမိုတိုးတက်လာပြီး အနာဂတ်တွင် ပိုမိုကောင်းမွန်သော စာပေလက်ရာများ ဖန်တီးနိုင်ရန် ရည်ရွယ်ကြောင်း မုဒိတာစကားပြောကြားခဲ့သည်။
ထို့နောက် သင်တန်းတွင် ဆုရရှိသောသင်တန်းသား/သူများကို ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းတွင် စိတ်ရှည်သည်းခံစွာ သင်ကြားပို့ချပေးခဲ့သော သင်တန်းနည်းပြဆရာမ ဒေါ်သီတာဦးအား အမှတ်တရလက်ဆောင်ပေးအပ်ခဲ့ကြသည်။
အဆိုပါ သင်တန်းအား မေလ (၇) ရက်နေ့မှ (၁၀) ရက်နေ့ထိ သင်တန်းကာလ(၄)ရက်ကြာဖွင့်လှစ်ခဲ့ပြီး စာစီစာကုံးရေးသားနည်းများအား အခြေခံမှစ၍စနစ်တကျ လေ့ကျင့်သင်ကြားပေးခဲ့ခြင်းဖြစ်သည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အနာဂတ်တွင်လည်း ကလေးများအကျိုးရှိစေမည့် အလားတူသင်တန်းများ ဆက်လက်ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း သတင်းရသည်။
ဧကရီ(ပြန်/ဆက်)