ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနားကျင်းပ

ဒဂုံတောင် မေ ၁၀             

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနားကို မြို့နယ်ကြက်ခြေနီအသင်းခွဲရုံးမှကြီးမှူး၍ ယနေ့နံနက် ၁၀ နာရီက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ကြက်ခြေနီအသင်းခွဲရုံး၌ ကျင်းပကြောင်းသိရသည်။

အခမ်းအနားတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲနာယက ဒေါ်အေးကြူကြူက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲဒုတိယဥက္ကဋ္ဌ ဦးမြတ်စံက မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာမျိုးညွန့်မှပေးပို့သည့် ၂၀၂၅ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် သဝဏ်လွှာကို ဖတ်ကြားသည်။

ထို့နောက် အလှူရှင်ဒေါ်ရီရီငြိမ်းက ပေးအပ်လှူဒါန်းသောအလှူငွေအား  မြို့နယ်ကြက်ခြေနီအသင်းခွဲ မြို့နယ်တပ်ဖွဲ့မှူး ဦးဆန်းလွင်ဦးကလက်ခံရယူပြီး ကမ္ဘာ့ကြက်ခြေနီနေ့ဖြစ်‌ပေါ်လာပုံအကြောင်းအရာများနှင့် ကျေးဇူးတင်စကားပြောကြားသည်။

ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အခမ်းအနားသို့ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တာဝန်ရှိသူများနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြပြီး တက်‌ရောက်လာကြသူများအား နေ့လည်စာအာဟာရများဖြင့် ဧည့်ခံ‌ကျွေးမွေးကြောင်း သိရှိရသည်။

နေမျိုးအောင်