မိုင်းယန်း မေ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖတ်နှိမ်နင်းရေးအဖွဲ့ဝင်များထံသို့ (၄/၂၀၂၅)လအတွက် နေ့တွက်စရိတ်နှင့် ရိက္ခာ(၃)မယ် ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ အခမ်းအနားတွင် မိုင်းယန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလင်းသန့်က အဖွင့်အမှာစကားပြောကြားပြီး ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖတ်နှိမ်နင်းရေးအဖွဲ့ဝင်များမှ တစ်ဦးချင်းမိတ်ဆက်သတင်းပို့သည်။ ဆက်လက်၍ မြို့နယ်ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖတ်နှိမ်နင်းရေးကြီးကြပ်ကွပ်ကဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇင်ဦးက ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖတ်နှိမ်နင်းရေးအဖွဲ့၏ ဖွဲ့စည်းတာဝန်ပေးအပ်ထားရှိမှုအခြေအနေနှင့် (၉/၂၀၂၄)လမှ (၃/၂၀၂၅)လအထိ နေ့တွက်စရိတ်နှင့် ရိက္ခာ(၃)မယ် ထုတ်ပေးထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလင်းသန့်မှ မြို့နယ်ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖတ်နှိမ်နင်းရေးအဖွဲ့ဝင်များ၏ ဝတ်စားဆင်ယင်မှုများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းထူး