မော်လမြိုင် မေ ၁၀
မော်လမြိုင်မြို့ အမျိုးသမီးနှင့်ကလေးဆေးရုံကြီး၌ တက်ရောက် ကုသနေသော လူနာများ ဆေးကုသမှုခံယူရာတွင် အဆင်ပြေစေရန်အတွက် လူနာဆောင်များ၊ ခွဲစိတ်ခန်းများတွင် လိုအပ်သော လျှပ်စစ်ဓာတ်အား ရရှိနိုင်ရေးအတွက် ကျပ်သိန်း (၉၃,၃၁၀,၀၀၀) (ကိုးရာသုံးဆယ့် သုံးသိန်း တစ်သောင်းတိတိ) တန်ဖိုးရှိ Solar System အား လှူဒါန်းပေးပါသော အလှူရှင်များအား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အမျိုးသမီးနှင့်ကလေးဆေးရုံကြီး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာမြင့်မိုစိုးက အဖွင့်အမှာစကားပြောကြားပြီး အမျိုးသမီးနှင့်ကလေးဆေးရုံကြီး၏ ဆေးရုံအုပ်ကြီး ဒေါက်တာ ခိုင်သင်ဇာထွန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် Solar အလှူရှင်များကိုယ်စား ဦးမျိုးအောင် (GQ သောက်ရေသန့်) နှင့် Solar System တပ်ဆင်ပေးပါသော ဦးလင်းပြည့်ဖြိုး (Play Boy Electronic) တို့က ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးနှင့် ဆေးရုံအုပ်ကြီးထံသို့ Solar System များအား လွှဲပြောင်းလှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ Solar System များ လှူဒါန်းပေးပါသော အလှူရှင်များအား ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးက ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပြီး အလှူရှင်များ ကိုယ်စား ဦးမျိုးအောင် (GQ သောက်ရေသန့်) မှ ကျေးဇူးတင်ဝမ်းမြောက်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)