မိုးညှင်း မေ ၉
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် အသည်းရောင်အသားဝါ (အေ) ရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုမ်နင်းရေး အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက် (၁၀) နာရီက အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း ရတနာခန်း၌ ကျင်းပသည်။
ရှေးဦးစွာ ခရိုင်ပညာရေးမှူး ဦးမွန်ကျော်မြင့်က အဆိုပါအသိပညာပေး ဟောပြောပွဲပြုလုပ်ရခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဌာနမှူး ဒေါက်တာမျိုးမျိုးဝင်းက အသည်းရောင်အသားဝါ (အေ) ရောဂါနှင့်ပတ်သက်၍ ရောဂါကူးစက်နိုင်သည့် နည်းလမ်းများ၊ ရောဂါဖြစ်ပွားသည့် လက္ခဏာများ၊ ရောဂါအမည် သတ်မှတ်ခြင်းဆိုင်ရာများ၊ ၎င်းရောဂါ ကုသခြင်းဆိုင်ရာများနှင့် ကြိုတင်ကာကွယ်နိုင်မည့် နည်းလမ်းများ စသည့် အကြောင်းအရာများကို ဟောပြောသည်။
ဆက်လက်၍ မြို့နယ်ကျန်းမာရေးမှူး ဦးစံထွေးက သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ် နိုမ်နင်းရေးနှင့်ပတ်သက်၍ သွေးလွန်တုပ်ကွေးရောဂါ၏ လက္ခဏာများ၊ သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ပြန့်ပွားမှုအခြေအနေများ၊ သွေးလွန်တုပ်ကွေးဖြစ်ပွားတတ်သည့် ဆောင်ရန် ရှောင်ရန်အချက်များ၊ ၎င်းရောဂါကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ၊ ဖုံး သွန် လဲ စစ် လုပ်ငန်းများနှင့် အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများစသည့် အကြောင်းအရာများကို အဆိုပါစာသင်ကျောင်းတွင် ပညာရေးနှင့် သင်ပြနည်းပညာ ဒီပလိုမာသင်တန်း တက်ရောက်နေကြသည့် မူလတန်းအဆင့် သင်တန်းဆရာ ဆရာမများအား ဟောပြောခဲ့ကြသည်။
ထို့နောက် ဟောပြောပွဲအပြီးတွင် ကျောင်းအတွင်းရှိ ရေတွင်းရေကန်များအား ကျန်းမာရေးဝန်ထမ်းများ၊ ခရိုင်/မြို့နယ်မှ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များက ဖုံး သွန် လဲ စစ် လုပ်ငန်းများနှင့် အဘိတ်ဆေးခပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရွှေမိုးညှင်း