၂၀၂၅ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၄) ခရိုင် အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံးပွဲပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ရန်ကုန် မေ ၉

၂၀၂၅ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၄) ခရိုင် အသက်(၁၈) နှစ်အောက် အမျိုးသားဘောလုံးပွဲပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ သုဝဏ္ဏဘောလုံးကွင်းတွင် ကျင်းပရာ အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်နှင့်တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများက တက်ရောက်ကြည့်ရှုအားပေးသည်။

ဗိုလ်လုပွဲစဉ်အဖြစ် တိုက်ကြီးခရိုင်အသင်းနှင့် ဒဂုံမြို့သစ်ခရိုင်အသင်းတို့က ယှဉ်ပြိုင်ကစားခဲ့ကြရာ ပင်နယ်တီအဆုံးအဖြတ်ဖြင့် တိုက်ကြီးခရိုင်အသင်းက (၄) ဂိုးနှင့် ဒဂုံမြို့သစ်ခရိုင်အသင်းက (၆) ဂိုးဖြင့် ဒဂုံမြို့သစ်ခရိုင်အသင်းက ပထမဆုရရှိခဲ့သည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး လက်ရွေးစင်ဘောလုံးကစားသမားဟောင်း(၄၁)ဦးနှင့် ပြိုင်ပွဲတွင် တာဝန်ယူဆောင်ရွက်ပေးသော ဒိုင်အဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများအား ရန်ကုန်တိုင်းဒေသကြီး ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများကလည်းကောင်း၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဂိုးသမားဆုအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အတွင်းရေးမှူးကလည်းကောင်း၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးနောက်တန်းဆု၊ အလယ်တန်းဆု၊ ရှေ့တန်းဆု၊ အကောင်းဆုံးအားကစားသမားဆု၊ တတိယဆုရရှိသော မင်္ဂလာဒုံခရိုင်အသင်း၊ ဒုတိယရရှိသော တိုက်ကြီးခရိုင်အသင်းတို့မှ အားကစားသမားများကို တစ်ဦးချင်းဆုတံဆိပ်များ၊ ငွေသားဆုများနှင့် ထပ်ဆောင်းဆုများအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများကလည်းကောင်း၊ ပထမရရှိသော ဒဂုံမြို့သစ်ခရိုင်အသင်းမှ အားကစားသများများကို တစ်ဦးချင်းဆုတံဆိပ်များ၊ ဂုဏ်ပြုချီးမြှင့်ငွေများ၊ ထပ်ဆောင်းဆုများနှင့် တံခွန်စိုက်ဆုဖလားတို့အား ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာကော်မတီနာယက၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းကလည်းကောင်း အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)