ဟိုပုံး မေ ၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ကမ္ဘောဇ (KBZ) ဖောင်ဒေးရှင်းနှင့် ရှမ်းတောင်ပရဟိတညီနောင်များကွန်ရက်မှ သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီး ပြန်လည်ပြုပြင်မွမ်းမံရန်အတွက် အလှူငွေကျပ်သိန်း (၁၀၀၀) နှင့် ရှမ်းရိုးမဘိလပ်မြေ (၁၀၀၀) အိတ် ပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက် (၈) နာရီအချိန်က သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီးတွင် ပြုလုပ်ခဲ့သည်။
ဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ ကမ္ဘောဇ (KBZ) ဖောင်ဒေးရှင်းနာယက ဦးအောင်ကိုဝင်းနှင့် ရှမ်းတောင်ပရိဟိတညီနောင်များကွန်ရက်တို့မှ တာဝန်ရှိသူများက သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီးအား ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်းနှင့် ဆီးမီးတို့ကို ကပ်လှူပူဇော်သည်။ ထို့နောက် ကမ္ဘောဇ(KBZ) ဖောင်ဒေးရှင်းမှ တာဝန်ရှိသူက သီရိမင်္ဂလာရွှေချမ်းသာ မွေတော်ဘုရားကြီး ပြန်လည်ပြုပြင်မွမ်းမွံနိုင်ရန်အတွက် အလှူငွေနှင့် ရှမ်းရိုးမဘိလပ်မြေပေးအပ်လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကမ္ဘောဇ(KBZ) ဖောင်ဒေးရှင်းနာယက ဦးအောင်ကိုဝင်းက သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီး ပြန်လည်ပြုပြင်မွမ်းမွံနိုင်ရန် အလှူငွေကျပ်သိန်း (၁၀၀၀) ကို ပေးအပ်ရာ ဘုရားဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကလက်ခံရယူပြီး ကမ္ဘောဇ (KBZ) ဖောင်ဒေးရှင်းနာယက ဦးအောင်ကိုဝင်းက ရှမ်းရိုးမဘိလပ်မြေ (၁၀၀၀) အိတ်ကို ပေးအပ်ရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီးနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ မန္တလေးငလျင်ကြီးကြောင့် သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရား ထိခိုက်ပျက်စီးမှုအခြေအနေများ၊ ဘုရားကြီးပရဝုဏ်အတွင်းရှိ စေတီတော်များနှင့် သာသနိကအဆောက်အဦများ၊ ဘုရားကြီးသမိုင်း အကျဥ်း၊ ဖြစ်စဉ်ဖြစ်ရပ်များနှင့် တည်ဆောက်မွမ်းမံမှု အခြေအနေများ၊ ထိခိုက်ပျက်စီးမှုအပေါ် ပညာရှင်များ၏ စစ်ဆေးတွေ့ရှိချက်များနှင့် ပြန်လည်မွမ်းမံနိုင်ရေးတို့ကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် ဘုရားဂေါပကအဖွဲ့ အဖွဲ့ဝင်ဦးခွန်စိန်သန်းက ကျေးဇူးတင်စကားပြန်လည် ပြောကြားပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
အဆိုပါ သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားသည် မတ်လ (၂၈) ရက်နေ့တွင် မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ရှေးဟောင်းသမိုင်းဝင်မွေတော်ဘုရားကြီး ထီးတော်ပြိုကျပျက်စီးခြင်းနှင့် အရန်စေတီ (၈) ဆူတို့တွင် ထီးတော်ပျက်စီးခြင်း၊ ကိုယ်လုံးတော်အက်ကွဲခြင်း၊ အရန်စေတီပြိုကျပျက်စီးခြင်းများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)