ထန်းတပင် မေ ၉
မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်း သရုပ်ပြပွဲကို ယမန်နေ့၊ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ရှိရန်ကုန် အနောက်ပိုင်းတက္ကသိုလ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ မီးသတ်တပ်ဖွဲ့ဝင်များက တက်ရောက်လာကြသည့် ဌာနမှူး ဆရာကြီး၊ ဆရာမကြီးများ၊ အနောက်ပိုင်းတက္ကသိုလ်ရှိ အရာထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများကို မီးသတ်ဆေးဘူးအသုံးပြုကာ လက်တွေ့မီးငြှိမ်းသတ်ပြသခြင်း၊ ဖုံးအုပ်ငြှိမ်းသတ်ပြသခြင်း၊ 3D မီးသတ်ပိုက်ခေါင်းအသုံးပြု၍ လက်တွေ့ပြသခြင်းနှင့် အမြုပ်မီးသတ်ဆေးရည်ဖြင့် မီးငြှိမ်းသတ်ခြင်းများကို ပြသပေးခဲ့ကြသည်။
ဆက်လက်၍ အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ကြရာ ဟောပြောပွဲအခမ်းအနားတွင် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ သန်းဇော်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြောက်ပိုင်းခရိုင်မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်ဦးကမီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အကြာင်းအရာများကို တက်ရောက်လာကြသည့် ဌာနမှူး ဆရာကြီး၊ ဆရာမကြီးများ၊ အနောက်ပိုင်းတက္ကသိုလ်ရှိ အရာထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများကို အသိပညာပေးဟောခဲ့သည်။
ထို့နောက် ဒုတိယပါမောက္ခချုပ် ဒေါက်တာထိပ်တင်ဟန်က အသိပညာပေးဟောပြောပေးသည့် မြောက်ပိုင်းခရိုင်မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်ဦးအားအမှတ်တရ ဂုဏ်ပြုလက်ဆောင်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်နွဲ့အေးက လက်တွေ့မီးငြှိမ်းခြင်းပြသ ပေးသည့်သရုပ်ပြအဖွဲ့အားအမှတ်တရ ဂုဏ်ပြုလက်ဆောင်များကို အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထိုက်