ညောင်ဦး မေ ၉
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ဆိုလာစနစ်မြစ်ရေတင်ဖြင့် မိုးစပါး ၂၈၇ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ညောင်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဌေးရီထံက သိရသည်။
ညောင်ဦးမြို့နယ် ဆိုလာမြစ်ရေတင်စနစ်ဖြင့် မိုးစပါးစိုက်ပျိုးရန် ဖေဖော်ဝါရီတွင် ပျိုးစတင်ပျိုးထောင်ခဲ့ကြောင်း ဧပြီလနောက်ဆုံးပတ်ကစတင်၍ ပျိုးပင်များ လယ်ကွင်းအတွင်း ရွေ့ပြောင်းစိုက်ပျိုးခဲ့ကြောင်းသိရသည်။ ဆိုလာစနစ်မြစ်ရေတင်ဖြင့် စိုက်ပျိုးသည့် စပါးမျိုးမှာ ဆင်းသုခ၊ မနောသုခ၊ GW-11၊ အောင်နိုင်တိုး စပါးမျိုးများကို တောင်သူများ စိုက်ပျိုးကြပြီး ပျိုးထောင်ရက် ၂၁ ရက်အကြာတွင် စိုက်ပျိုးမည့် လယ်မြေအတွင်းရွေ့ပြောင်းစိုက်ရကြောင်း စပါးတစ်သီး ရင့်မှည့်ချိန်ထိ ငါးလကြာမြင့်ကြောင်း မိုးစပါးစိုက်တောင်သူများက ရှင်းပြ၍သိရသည်။ မြစ်ရေတင်ဖြင့် စိုက်ပျိုးသည့် မိုးစပါးစိုက်တောင်သူများ စပါးသီးနှံရိတ်သိမ်းပြီးချိန်အထိ တစ်ဧကစိုက်ပျိုးရေသွင်းစရိတ် ၆၀၀၀ ကျပ် ပေးသွင်းရပြီး၊ နွေစပါးစိုက်ပျိုးချိန်တွင် စပါးတစ်သီးစာ ၉၀၀၀ ကျပ် ပေးရကြောင်း၊ အခြားသီးနှံအတွက် ၃၀၀၀ ကျပ်ပေးသွင်းရကြောင်း သိရသည်။ မြစ်ရေ တင်ဖြင့် စိုက်ပျိုးသည့် စပါးများ အထွက်နှုန်း ပုံမှန်ကောင်းမွန်ပြီး ရေပေးသွင်း ခလည်း တန်လွန်းကြောင်း၊ မိုးစပါးဆိုသော်လည်း ညောင်ဦးဒေသတွင် တစ်နှစ်ပတ်လုံးမှ မိုးရေချိန် ၂၀ လက်မအောက်သာ ရွာသွန်းခြင်းကြောင့် စပါးအောင်ရေအထိ မြစ်ရေတင်ရေသွင်းရကြောင်း တစ်ဧကသွင်းဈေးလည်းတန်လွန်းကြောင်း မိုးစပါးစိုက် တောင်သူများ ကရှင်းပြသည်။ မိုးစပါး စိုက်ပျိုးရာတွင် စပါးတစ်ဧက ကောက်စိုက်သမစိုက်ပျိုးခ (၅၅၀၀၀)ကျပ်ဖြင့်စိုက် ဧကပြတ် စိုက်ပျိုးခြင်းနှင့် လက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးလာကြကြောင်း မိုးစပါးစိုက် တောင်သူများကရှင်းပြ၍ သိရကာ ညောင်ဦးမြို့နယ်၌ မိုးစပါး ၂၈၇ ဧကစိုက်ပျိုးပြီး ဖြစ်ကြောင်း၊ ငါ့သရောက်ဆိုလာမြစ်ရေတင်ဖြင့် ၈၀ ဧက၊ လက်ပံခြေပေါ်ဆိုလာမြစ်ရေတင်ဖြင့် ၁၀၀ ဧက၊ သူကောင်းတည်ဆိုလာမြစ်ရေတင်ဖြင့် ၁၀၀ ဧက၊ မိုးကောင်းသောက် မုရင်းစပါး ၇ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း သိရသည်။
ဒီပါလင်း