မိတ္ထီလာမြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြင့်စက်ချုပ်သင်တန်း အခမဲ့ဖွင့်လှစ်သင်ကြား

မိတ္ထီလာ မေ ၉

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင်  အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အဆင့်မြင့်စက်ချုပ်သင်တန်းကို အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း(မိတ္ထီလာ)မှ သိရသည်။

ရက်ကန်းနှင့်အသက်မွေး ပညာသင်တန်းကျောင်း(မိတ္ထီလာ)မှ ဝင်ငွေတိုးစီမံကိန်းဖြင့် လုပ်ငန်းထူထောင်ကြသော စက်ချုပ်လုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် စက်ချုပ်ဆိုင်ရာ နည်းပညာများပိုမို တက်မြောက်ကျွမ်းကျင်စေရန်၊ လုပ်ငန်းပိုမိုတွင်ကျယ်စွာ လုပ်ကိုင်နိုင်စေရန်၊ ထုတ်ကုန်များ ပိုမိုစျေးကွက် ရရှိလာစေရန်၊ လုပ်ငန်းများတိုးချဲ့အောင်မြင်ခြင်းဖြင့် တစ်ဦးချင်ဝင်ငွေ မိသားစုဝင်ငွေ တိုးပွားလာစေရန်ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အဆင့်မြင့် စက်ချုပ်သင်တန်းကို အခမဲ့ဖွင့်လှစ် သင်ကြားပေးလျက်ရှိပြီး ၎င်းသင်တန်းတွင် အဆင့်မြင့် Pattern များ ရေးဆွဲခြင်း၊ တိုက်ပုံအင်္ကျီချုပ်နည်း၊ အမျိုးသမီးရင်ခံ ဇာဆက်အင်္ကျီချုပ်နည်း၊ အမျိုးသမီးကော့ဆက်အင်္ကျီချုပ်နည်း၊ အမျိုးသမီးရင်ခံဂါဝန် အင်္ကျီချုပ်နည်း၊ သတိုးသမီးဝတ် ခါးထောင်အင်္ကျီချုပ်နည်း၊ သတိုးသမီးပတ်လုံချည်ချုပ်နည်းနှင့် Pattern ပိုင်းဆိုင်ရာ တီထွင်ဆန်းသစ်ဖန်းတီးခြင်းများကို စာတွေ့လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အဆင့်မြင့်စက်ချုပ်သင်တန်းကို မေလ ၈ ရက်နေ့မှ ဇွန်လ ၈ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး ၎င်းသင်တန်းကို မိတ္ထီလာခရိုင်၊ ရမည်းသင်းခရိုင်နှင့် ကျောက်ဆည်ခရိုင်တို့မှ သင်တန်းသူ ၁၀ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)