အောင်မြေသာစံ မေ ၉
မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၊ ခွဲစိတ်ဆောင်များ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်ရှိ အဆိုပါဆေးရုံတွင်ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၊ ဆေးရုံအုပ်ကြီး ဒေါက်တာဆန်းလွင်ဦး၊ ခွဲစိတ်အထူးကု ဆရာဝန်ဒေါက်တာ အောင်ခိုင်ဇံနှင့်ပါမာက္ခ၊ ဌာနမှူးများ၊ မြန်မာနိုင်ငံ တရုတ်ကုန်သည်များအသင်းချုပ်ဥက္ကဋ္ဌ ဦးအိုင်ထွန်းနှင့်အဖွဲ့ဝင်များ၊ ဝိသာခါဖောင်ဒေးရှင်း နာယကပါမောက္ခ ဒေါက်တာဝင်းမင်းသစ်၊ ဥက္ကဋ္ဌ ဒေါက်တာ စုလှဟန်နှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဆေးရုံအုပ်ကြီးက အမှာစကားပြောကြားပြီး အလှူရှင်များက လှူဒါန်းမှုနှင့်ပတ်သက်၍ပီတိစကားများ ပြောကြားကြသည်။ ထို့နောက် ဆေးရုံအုပ်ကြီးက အလှူရှင်များအား ကျောက်မျက်ပန်းချီကားများ အမှတ်တရပေးအပ်ကြသည်။
ထို့နောက် ခွဲစိတ်ဆောင်များဖွင့်ပွဲကို ခွဲစိတ်ဆောင်များရှေ့တွင်ကျင်းပပြုလုပ်ကြရာ ဆေးရုံအုပ်ကြီးနှင့်အလှူရှင်များက အသီးသီးဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၊ အပေါ်ထပ်ခွဲစိတ်ဆောင်မှ ခွဲစိတ်ခန်းသုံးခန်းကို ဝိသာခါဖောင်ဒေးရှင်းက ငွေကျပ်သိန်း(၄၇၀၀)အကုန်အကျခံ၍ ခွဲစိတ်ခန်းသုံးစက်ပစ္စည်းများ ဝယ်ယူဖြည့်တင်းခြင်းနှင့် ခွဲစိတ်ခန်းများပြုပြင်ခြင်း၊ ခွဲစိတ်ဆောင်အောက်ထပ်ရှိ ခွဲစိတ်ခန်းနှစ်ခန်းကို မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ်က ငွေကျပ်သိန်း(၅၇၀၀) အကုန်အကျခံ၍ ခွဲစိတ်ခန်းသုံးစက်ပစ္စည်းများ ဝယ်ယူဖြည့်တင်းခြင်းနှင့် ခွဲစိတ်ခန်းများပြုပြင်ခြင်းများ ဆောင်ရွက်ကြကာ ယခုကဲ့သို့ ဖွင့်ပွဲကျင်းပကာ လွှဲပြောင်းပေးအပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ငွေများ ပေးအပ်လှူဒါန်းခြင်မဟုတ်ပဲ ဆေးရုံမှ ဆရာဝန်ကြီးများနှင့်တိုင်ပင်ကာ အလှူရှင်များက ကိုယ်တိုင်ဝယ်ယူတတ်ဆင်ခြင်း၊ ပြုပြင်ခြင်း ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဆင်းရဲ၊ ချမ်းသာ၊ အယုတ်၊ အလတ်၊ အမြတ်မရွေးအသုံးပြုနိုင်မှာဖြစ်တဲ့အတွက် ရာသက်ပန် ကုသိုလ်ရရှိနေမှာဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)