မချမ်းဘော မေ ၉
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ကျောင်းသားလူငယ်များ စာဖတ်ရှိန်မြှင့်တင်လာစေရန်နှင့် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးဆိုင်ရာများ သိရှိစေရန်ရည်ရွယ်၍ Youth Club အသင်းဝင်များနှင့်ပူးပေါင်းကာ စာဖတ်ဝိုင်းကို မေ ၆ ရက်နေ့ နံနက် ၉ နာရီခွဲက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နီနီလွင်က စာဖတ်ဝိုင်းကျင်းပရခြင်းရည်ရွယ်ချက်များကို ပြောကြားပြီး စာရေးဆရာလူလေး (မြစ်ဝကျွန်းပေါ်) ရေးသားထားသော သဘာဝပတ်ဝန်းကျင်နှင့် ကပ်ဘေးအန္တရာယ် စာအုပ်ပါမုန်တိုင်းနှင့် ရေလှိုင်းခေါင်းစဥ်ဖြင့်လည်းကောင်၊ Youth Club အသင်းဝင် မောင်မုန်မိုင်တူးက အပူဓာတ်နှင့် အပူချိန်ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မအွမ်းမိုင်ကရာသီဉတုပြောင်းလဲမှု၊ မောင်နိုင်ဖြိုးလင်းက မြေငလျင်အန္တရာယ်၊ မောင်ညီခမ်းလိတ်က လေတိုက်ခတ်နှုန်းအဆင့်သတ်မှတ်ချက်များ၊ မောင်တန်လွန်းက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေခေါင်းစဥ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့နောက်စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသော ကျောင်းသားကျောင်းသူများက ခင်းကျင်းပြသထားသော၊ ငလျင်ဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ဝင်တစားကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ယောရွှေနီ (မချမ်းဘော)