ငါန်းဇွန် ဇန်နဝါရီ ၁၁
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများသည် ရွာဘိုကျေးရွာအုပ်စု၊ တောင်ရွာဘိုကျေးရွာ အခြေခံပညာ မူလတန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရေး၊ စာဖတ်သည့်အလေ့အထ၊ အလေ့အကျင့်ကောင်းများ ရရှိစေရေးအတွက် ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက နံရံကပ်စာစောင်၊ ဓာတ်ပုံ၊ စာအုပ်စာစောင်ပြပွဲ နှင့် အသိပညာပေး ဆွေနွေးဟောပြောပွဲ ကျင်းပသည်။
ရှေးဦးစွာ ရုပ်သံကျွမ်းကျင်-၃ ဦးကိုကိုနိုင်က ကျောင်းသား၊ ကျောင်းသူ (၁၃၃)ဦးတို့အား သဘာဝ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ တွေ့ကြုံလာပါက လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များကို လည်းကောင်း၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို လည်းကောင် ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုတားဆီးရေး၊ သဘာဝ ဘေးအန္တရာယ်နှင့် ကလေးသူငယ်အလုပ်သမား ပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များ၊ မှတ်တမ်း ဓာတ်ပုံများနှင့် တိုင်းရင်းသားဘာသာစာပေ ရုပ်ပြပုံပြင် စာအုပ်များကို ကျောင်းသား၊ ကျောင်းသူ များက စိတ်ဝင်တစား လေ့လာကြည့်ရှုကြရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ငါန်းဇွန် မြို့နယ်ရုံးမှ ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမ ဒေါ်ဖြူဖြူဝင်းနှင့် ဆရာမများက ရှင်းလင်းပြသ ပေးခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)