နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး မြို့ပြစီမံကိန်းရေးဆွဲရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်၊ တက္ကသိုလ်ဝင်တန်းပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအားပေးစကား ပြောကြား

နေပြည်တော် မေ ၉

မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခဲ့သော ဝန်ကြီးဌာနရုံးများနှင့် နိုင်ငံ့ဝန်ထမ်းအိမ်ရာများ ပြန်လည်နေရာချထားရေးအတွက် မြို့ပြစီမံကိန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာ နိုင်ငံ့ဝန်ထမ်းအိမ်ရာများ အသစ်ဆောက်လုပ်ပေးနိုင်ရန်အတွက် မြေနေရာများ လျာထားပြီးဖြစ်ပါကြောင်း၊ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြေစမ်းသပ်မှု (Soil Test) များဆောင်ရွက်ပြီးမှာသာ တည်ဆောက်ရန်လိုအပ်ပါကြောင်း၊ အဆောက်အအုံများ ဆောက်လုပ်ရာတွင် ရစ်ခ်ျတာစကေး ၈ အထိ ခံနိုင်ရည်ရှိ‌အောင် ဆောက်လုပ်ရန်နှင့် ငလျင်ကျွမ်းကျင်ပညာရှင်များ၊ မြို့ပြစီမံကိန်းရေးဆွဲရေးပညာရှင်များနှင့်ပူးပေါင်း၍ ငလျင်ဒဏ်ခံနိုင်သော မြို့ပြစနစ်တည်ဆောက်ရန်လိုအပ်ပါကြောင်း၊ ငလျင်‌‌ဘေး ပြန်လည်ထူထောင်ရေးတွင် မူလရည်မှန်းချက်ဖြစ်သော နေပြည်တော်ကို Green City၊ Clean City၊ Smart City ဖြစ်အောင်ဆောင်ရွက်ရန်လိုကြောင်း၊ မြို့တော်အင်္ဂါရပ်နှင့်ကိုက်ညီစေရန် မဟာဗျူဟာရည်မှန်းချက်များနှင့်အညီ ရေးဆွဲဆောင်ရွက်ရန်လိုကြောင်း၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့သည့် ဝန်ကြီးဌာနရုံးများနှင့် နိုင်ငံ့ဝန်ထမ်းအိမ်ရာများအား ပြန်လည်နေရာချထားရေးအတွက် မြေအသုံးချမှုကို ကြိုတင်လျာထားစီမံဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊  လူနေထိုင်ရန် နေရာများ၊ စီပွားရေးဆိုင်ရာ၊ စီမံခန့်ခွဲမှုဆိုင်ရာ၊ ‌ဝန်ဆောင်မှုဆိုင်ရာ၊ အပန်းဖြေနေရာများ၊ ဘာသာရေးဆိုင်ရာနေရာများကို ပြည့်စုံပါဝင်အောင် လျာထားဆောင်ရွက်ကြရမှာဖြစ်ပါကြောင်းနှင့် နေပြည်တော်ကို မူလမြို့ပြစီမံကိန်းရည်မှန်းချက်များနှင့်ကိုက်ညီစေရေး၊ သဘာဝဘေးအန္တရာယ် လျော့ပါးသက်သာစေရေး ဘက်စုံထောင့်စုံမှ ဝိုင်းဝန်းစဉ်းစား သုံးသပ်အကြံပြုတင်ပြပေးစေလို‌ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ တက်ရောက်လာကြသူများမှ သက်ဆိုက်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြပြီး တင်ပြချက်များအပေါ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရာတွင် ဖို့မြေများ၊ ငလျင်ကြောများတွင် ဆောက်လုပ်ခြင်းမပြုရေး၊   ငလျင်ပြင်းအားပမာဏ (၈) မဂ္ဂနီကျူအထိ ခံနိုင်ရည်ရှိအောင် တွက်ချက်တည်ဆောက်ရေး၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော SOP များနှင့်အညီ ဆောင်ရွက်ရေး၊ နေပြည်တော်အတွင်း မြို့တော်အင်္ဂါရပ်နှင့်ကိုက်ညီအောင် စည်ပင်သာယာရေးဥပဒေနှင့်အညီ စနစ်တကျကြပ်မတ်ဆောင်ရွက်ရေး၊ သက်ဆိုင်ရာပညာရှင်များမှ လိုအပ်သည့် အကြံပြုချက်များကို ပေးစေလိုကြောင်း၊ မြေစမ်းသပ်ခြင်း၊ အဆောက်အအုံ ပြုပြင်တည်ဆောက်ခြင်းများတွင် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီဖြစ်စေရေးအတွက် ခေတ်မီကိရိယာများဖြင့် စနစ်တကျစမ်းသပ်စစ်ဆေးရန်လိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ နေပြည်တော်အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဆက်လက်ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ငလျင်ဘေးပြန်လည်ထူထောင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများမှ အစီအမံများ စနစ်တကျရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်သွားရန်၊ ဝိုင်းဝန်းဆွေးနွေးအကြံပြု တင်ပြကြရန် မှာကြားခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီနယ်မြေအတွင်း မန္တလေးငလျင်ကြောင့် ထိခိုက်ခဲ့သော ဝန်ကြီးဌာနရုံးများနှင့် နိုင်ငံ့ဝန်ထမ်းအိမ်ရာများအား ပြန်လည်နေရာချထားရေး၊ အဆိုပြုစီမံချက်ကို သက်ဆိုင်ရာတာဝန်ရှိသူများမှ Power Point ဖြင့် ရှင်းလင်းတင်ပြကြရာ တင်ပြချက်များအပေါ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ထပ်မံဖော်ဆောင်မည့် မြို့ပြစီမံကိန်းတွင် အားကစားကွင်းများ၊ မိုးလုံလေလုံအားကစားခန်းမများ၊ သယ်ယူပို့ဆောင်ရေးအတွက် ယာဉ်ရပ်နားရာနေရာများ၊ မီးရထားဘူတာရုံများ၊ အုပ်ချုပ်ရေးဆိုင်ရာ အဆောက်အအုံများ၊ အခြားမြို့ပြအင်္ဂါရပ်များစုံလင်စွာ ထည့်သွင်းတည်ဆောက်နိုင်ရေး၊ သောက်သုံးရေနှင့် လျှပ်စစ်မီးများ စနစ်တကျသွယ်တန်းဖြန့်ဝေပေးနိုင်ရေး၊ ရေစီးရေလာကောင်းမွန်စေရေး၊ ခေတ်မီသော မြို့ပြပုံစံစနစ်ဖော်ဆောင်နိုင်ရေး၊ ယာယီဆောက်လုပ်သည့် အဆောက်အအုံများကိုလည်း လုံလုံခြုံခြုံရှိအောင်ဆောက်လုပ်နိုင်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက်စိုက်ပျိုးဆောင်ရွက်ရေး၊ တက္ကသိုလ်ဝင်တန်းပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား စခန်းသွင်းလေ့ကျင့်သင်ကြားနေမှုအပေါ် လိုအပ်ချက်များ ပြည့်စုံစွာ ဖြည့်ဆည်းဆောင်ရွက်ပေးရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ လယ်ဝေးမြို့ အားကစားလေ့ကျင့်ရေးစခန်း(၂)သို့သွားရောက်ပြီး တက္ကသိုလ်ဝင်တန်းပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား စခန်းသွင်းလေ့ကျင့်နေမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး သင်ကြားလေ့ကျင့်ပေးနေသော တက္ကသိုလ်များမှ ပါမောက္ခဆရာ၊ ဆရာမကြီးများအား တွေ့ဆုံ၍ ကျေးဇူးတင်စကားပြောကြားကာ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။ ယင်းနောက် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများလိုက်ပါ၍ တက္ကသိုလ်ဝင်တန်းပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား စခန်းသွင်းလေ့ကျင့်နေသော ပျဉ်းမနားမြို့နယ်၊ ညောင်ပင်သာကျေးရွာ အခြေခံပညာအထက်တန်းကျောင်းနှင့် ပျဉ်းမနားမြို့ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်ပြီး စခန်းသွင်းလေ့ကျင့်နေမှုအား ကြည့်ရှုစစ်ဆေးကာ ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံ၍ အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သော ပျဉ်းမနားမြို့မဈေးအား ဖယ်ရှားရှင်းလင်းပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လမ်းပေါ်နှင့် လမ်းဘေးတွင် အုတ်ခဲကျိုးများမကျန်ရှိစေရေး၊ ရေစီးရေလာကောင်းမွန်စေရေးတို့ကို ဆောက်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)