နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးကွင်းဆင်းဆောင်ရွက်

တပ်ကုန်း မေ ၉

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင်အတူ မေလ ၈ ရက်နေ့ မွန်းလွဲပိုင်းက နေပြည်တော် တပ်ကုန်းမြို့နယ် ကံကြီးကျေးရွာအုပ်စု၊ ကံကြီးမွေးမြူရေးဇုန်အတွင်းရှိ ဦးသန်းဌေး၏ ဒေသဆိတ်မွေးမြူရေးခြံသို့ ရောက်ရှိပြီး မွေးမြူရေးခြံတာဝန်နှင့်တွေ့ဆုံ၍ ခြံတာဝန်ခံက ဆိတ်မွေးမြူရေးနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီးနောက် နေပြည်တော်ကောင်စီဝင်က ခြံပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်ရေး၊ မီးတားလမ်း ဆောင်ရွက်ထားရှိရေး၊ ဆိတ်ကောင်ရေ တိုးပွားမွေးမြူရေးနှင့် ဆိတ်မွေးမြူရေးတောင်သူများကို မျိုးကောင်း၊ မျိုးသန့်များ ပြန်လည်ဖြန့်ပေးနိုင်ရေး ရှင်းလင်းမှာကြားခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဝင်ဦးဇေယျာလင်းနှင့်တာဝန်ရှိသူများသည် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သော မန္တလေးမြေငလျင်ဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် မြို့တွင်းရန်ကုန် - မန္တလေးကားလမ်းဘေးရှိ “ ဂုဏ် ” ရုပ်ရှင်ရုံအဆောက်အဦသို့ ရောက်ရှိ၍  သက်ဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံကာ အဆောက်အဦးအပျက်အစီးများကို ဘေးကင်းစွာပျက်သိမ်းရေး ရှင်းလင်း မှာကြားခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင်ဦးဇေယျာလင်းနှင့်တာဝန်ရှိသူများသည် မြောက်မြိုက် (ရှ) ကျေးရွာဘုန်းတော်‌ကြီးကျောင်းသို့ ရောက်ရှိ၍ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တခေမာသာရအား ဖူးမြော်ကြည်ညိုကာ ဝတ္ထုငွေနှင့် လှူဘွယ်ပစ္စည်းမျိုးစုံ ဆက်ကပ်လှူဒါန်းခဲ့ပြီးနောက် ငလျင်ဘေးသင့် အိမ်ထောင်စုဝင်များကို အားပေးစကားပြောကြား၍ ကျေးရွာသူ၊ ကျေးရွာသားများ၏ တင်ပြချက်များအား သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး၊ မြို့နယ် (MSME) အသင်းဥက္ကဋ္ဌ ဦးမောင်မောင်နုနှင့်အဖွဲ့ဝင်များ၊  ဦးသိန်းသန်းအောင် ဦးဆောင်သည့် ဆာယာကရုဏာအဖွဲ့၊ ဓမ္မရောင်ခြည်အဖွဲ့တို့မှ လှူဒါန်းငွေများဖြင့် ဝါးအိမ်၊သစ်လုံးငယ်အိမ်နှင့် ဟော်လိုပိုက် တို့ဖြင့် ယာယီဆောက်လုပ်ပေးထားသည့် လူနေအိမ်များနှင့်စက်ရေတွင်းတို့အား ကြည့်ရှုအားပေး ခဲ့ကြောင်း သိရသည်။

တင်စိုးလွင်