ထန်းတပင် မေ ၈
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်း စပါးအထွက်နှုန်းများ တိုးတက်လာစေရန်အတွက် တောင်သူအသိပညာပေးခြင်းလုပ်ငန်းများကို မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိပြီး ယမန်နေ့က စပါးအထွက်နှုန်းများတိုးတက်စေရေး တောင်သူအသိပညာပေးခြင်း လုပ်ငန်းများ၊ စပါးမျိုးစေ့ချကိရိယာ (Seeder) ဖြင့် စိုက်ပျိုးထားရှိသည့် နွေစပါးများအား စံကွက်ရိတ်သိမ်းပွဲနှင့် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့များစုပေါင်းကြဲပက်ပွဲကို ရေပေါ်သောင်ကျေးရွာရှိ ဧက(၁၀၀)စံပြစိုက်ကွက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့ဝင်များက ဒေသခံတောင်သူများအား စပါးတစ်ဧကအထွက်နှုန်းအပြည့်အဝထွက်ရှိရေးနှင့် စပါးမျိုးစေ့ချကိရိယာ (Seeder) အသုံးပြုရခြင်း၏ အကျိုးကျေးဇူးများကို တက်ရောက်လာကြသည့် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံတောင်သူများကို အသိပညာပေးရှင်းလင်းပြောကြားခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ပိုက်ဆံလျှော်မျိုးစေ့များကို တောင်သူများထံပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ ကွင်းအမှတ်-၁၂၃(က)၊ ဦးပိုင်အမှတ်-၅၈ တောင်သူဦး ကျော်ခိုင်၏ ဆင်းသုခစံပြစိုက်ခင်း (၀.၁၀) ဧကကို စပါးချွေလှေ့စက်ဖြင့် စံကွက်ရိတ်သိမ်းခဲ့ကြရာ တစ်ဧကအထွက်နှုန်းအနေဖြင့်(၁၀၆.၅)တင်းနှုန်းထွက်ရှိကြောင်း သိရသည်။
ထို့နောက် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့များကိုတာဝန်ရှိသူများက စုပေါင်းကြဲပက်ခဲ့ကြောင်း သိရသည်။
ဇင်မင်းထိုက် (ပြန်/ဆက်)