ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာ ပြည်သူများအတွက် ဒုတိယအကြိမ် ထောက်ပံ့ငွေပေးအပ်

စစ်တွေ  မေ ၈

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာ ပြည်သူများအတွက် ဒုတိယအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် ကိုးရီးယားသမ္မတနိုင်ငံက APTERR အစီအစဉ်ဖြင့် စစ်တွေမြို့ပေါ်ရှိ နေရပ်စွန့်ခွာ စုရပ်(၅၄) ခုမှ ပြည်သူများအား ရိက္ခာဆန်ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ နေရပ်စွန့်ခွာဝန်ထမ်းများနှင့် နေရပ်စွန့်ခွာ ပြည်သူများတက်ရောက်ကြသည်။

အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ယနေ့အခမ်းအနားသည် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ လတ်တလောအကြမ်းဖက် ဖြစ်စဉ် များကြောင့် နေရပ်စွန့်ခွာသူများအား ဒုတိယအကြိမ်အဖြစ် ဖေဖော်ဝါရီလနှင့် မတ်လ(၂)လ စာအတွက်နေရပ်စွန့်ခွာပြည်သူ ၁၂၅၉၂ ဦးအတွက် ထောက်ပံ့သည့် ငွေကျပ်(၅၀၃ ဒသမ ၆၈၀)သန်း (ကျပ်ငါးရာသုံးသန်းခြောက်သိန်းရှစ်သောင်း) ပေးအပ်ခြင်း အခမ်းအနားဖြစ်ကြောင်း၊  နေရပ်စွန့်ခွာ ပြည်သူများအတွက် ကိုးရီးယားသမ္မတနိုင်ငံက APTERR အစီ အစဉ်ဖြင့် နေရပ်စွန့်ခွာပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် စစ်တွေမြို့ရှိ နေရပ်စွန့်ခွာ အိမ်ထောင်စု (၂၁၁၈)စု၊ လူဦးရေ (၇၃၉၁) ဦးတို့ကို တစ်ဦးလျှင် ဆန်(၂)ဘူးနှုန်းနှင့်နှစ်လစာ ဆန်(၁၂၀)ဘူး၊ စုစုပေါင်း ဆန်(၁၉ ပြည်ပါ) ဆန်အိတ် (၅၈၃၄) အိတ်ကို ထောက်ပံ့ခြင်းဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာပြည်သူများအား (၂၄ ပြည် ဆန့်) ဆန်အိတ် (၁၄၈၀၇)အိတ်ကျော် ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း၊ အကြမ်းဖက်ဖြစ်စဉ်ကြောင့် ယာယီနေရပ် စွန့်ခွာသူများအား ကျန်းမာရေးစောင့်ရှောက်မှုများပေးနိုင်ရန်အတွက်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ ရွေ့လျားဆေးပေးခန်းများစီစဉ်ပြီး ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အလားတူ ပညာရေးဌာနမှလည်း ကျောင်းနေအရွယ်ကလေးများအား ပညာသင်ကြားခွင့်မဆုံးရှုံးစေရန် နီးစပ်ရာစာသင်ကျောင်းများတွင် ကျောင်းတက်ရောက်နိုင်ရေးအတွက် စုရပ်များသို့ကွင်းဆင်း၍ မိဘများနှင့် ကျောင်းနေအရွယ် ကလေးများအားစည်းရုံး ဆောင်ရွက်သွားရန်လိုကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအတွက် ပညာရေးဌာနမှ ကျောင်းသုံး ခဲတံ၊ ဘောပင်၊ ပြဋ္ဌာန်း စာအုပ်များ၊ ဗလာစာအုပ်များနှင့် ကျောင်းဝတ်စုံများ ထောက်ပံ့ပေးအပ်သွား မည်ဖြစ်သည့်အတွက် ကျောင်းတက်ရောက်နိုင်ရေး စည်းရုံးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးအနေဖြင့် လက်နက်ကိုင်တိုက်ခိုက်မှုများ၊ တိုက်ပွဲများ၏အနိဋ္ဌာရုံများ ကင်းဝေးပြီး ထာဝရငြိမ်းချမ်းရေးကို အလိုရှိတောင်းတနေကြသကဲ့သို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲတို့နှင့်ပူးပေါင်းပြီး ဒေသတည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေး၊ ဒေသခံပြည်သူများ၏ လူနေမှုဘဝလုံခြုံမှုရှိစေရေးတို့ကို အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားသည်။

ဆက်လက်၍ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက နေရပ်စွန့်ခွာဝန်ထမ်းများနှင့် နေရပ်စွန့်ခွာပြည်သူ များကို ထောက်ပံ့ငွေများနှင့် ထောက်ပံ့ဆန်များ ပေးအပ်ကြသည်။

ယင်းနောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ နေရပ်စွန့်ခွာဝန်ထမ်းများနှင့် နေရပ်စွန့်ခွာပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံးနှုတ်ဆက်ခဲ့ကြ သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် တာဝန်ရှိသူများနှင့်အတူ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ သိဒ္ဓိကာရုံဘုန်းတော်ကြီးကျောင်းတိုက်၊ ဇေယျာသီရိဘုန်း တော်ကြီးကျောင်းတိုက်၊ ရွာကြီးမြောက်ရပ်ကွက်ရှိ ရက္ခမဏ္ဍိုင်ဘုန်းတော်ကြီးကျောင်းတိုက်၊ လရောင်ဝင်းဘုန်းတော်ကြီး ကျောင်းတိုက်၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းဘုန်းတော်ကြီး ကျောင်းတိုက်နှင့်သောဘိတာရာမ ဘုန်းတော်ကြီးကျောင်းတိုက်များသို့သွားရောက်၍ ကျောင်းထိုင်ဆရာတော်များ အားဖူးမြော်ကာ နဝကမ္မအလှူငွေများလှူဒါန်းကြသည်။

ထိုသို့သွားရောက်စဉ် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းတိုက်အတွင်းရှိ ယာယီနေရပ်စွန့်ခွာ ပြည်သူများနေထိုင်မှုကို လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး ပြည်သူများအေးချမ်းစွာ နေထိုင်ချက်ပြုတ်စားသောက်နိုင်ရေးအတွက် လိုအပ်သည်များကို ဆောင်ရွက်ပေးနိုင်ရေး၊ လုံခြုံရေးအတွက် ဆိုလာမီးများတတ်ဆင်ပေးနိုင်ရေး၊ ရေရရှိရေးအတွက် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေး နိုင်ရေးနှင့် ကျောင်းဖွင့်ရာသီတွင် ကလေးငယ်များ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးတို့အတွက် လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ပေးကြရန် တာဝန်ရှိသူများကို မှာကြားခဲ့ပြီး ကလေးငယ်များအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)