တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ (၁၂) ကြိမ်မြောက် လှူဒါန်းသည့် အောက်တိန်း (92) ၁၇၀၀၀ တန်အား လွှဲပြောင်းလက်ခံ

ရန်ကုန် မေ ၈

မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် မန္တလေးမြေငလျင်ကြီးကြောင့် ပြန်လည်ထူထောင်ရေးကိစ္စများအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ (၁၂) ကြိမ်မြောက် လှူဒါန်းသည့် အောက်တိန်း (92) ၁၇၀၀၀ တန် တင်ဆောင်လာသော သင်္ဘော T YU DONG သည် ယမန်နေ့ နံနက် (၂) နာရီ (၄၅) မိနစ်က သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ Max Energy Terminal သို့ ရောက်ရှိခဲ့သည်။

ထိုသို့ ရောက်ရှိလာသည့် အောက်တိန်း (92) ၁၇၀၀၀ တန်အား ယနေ့နံနက်ပိုင်းက လွှဲပြောင်းလက်ခံရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ တာဝန်ရှိသူများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ သန်လျင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျောက်တန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများသည် တရုတ်သံရုံးမှ စီးပွားရေးသံမှုး​ Mr. Ouyang Daobing ထံမှ သီလဝါဆိပ်ကမ်း၌ လွှဲပြောင်းလက်ခံခဲ့သည်။

အဆိုပါရောက်ရှိလာသည့် အောက်တိန်းများကို ငလျင်ဘေးသင့်ဒေသများသို့ ပြန်လည်ထူထောင်ရေးကိစ္စများတွင် အသုံးပြုရန်အတွက် စွမ်းအင်ဝန်ကြီးဌာနမှ ဆက်လက်ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)