ကော့မှူး မေ ၈
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်သော အခြေခံကွန်ပျူတာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က ယနေ့ကမ္ဘာကြီးတွင် နည်းပညာများသည် တစ်စထက်တစ်စ တိုးတက်ပြောင်းလဲလျက်ရှိရာ ကွန်ပျူတာကို ခေတ်နှင့်အညီအသုံးပြုခြင်းကြောင့် လုပ်ငန်းများပိုမိုမြန်ဆန်ထိရောက်ကြောင်း၊ လူငယ်များအနေဖြင့် အားလပ်ချိန်တွင် အခြေခံကွန်ပျူတာကို တက်မြောက်စေရန် ရည်ရွယ်၍ အခြေခံကွန်ပျူတာသင်တန်းအား အခမဲ့ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်းနှင့် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ပြောကြားခဲ့ပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ချိုမျိုးထိုက်က ပြောကြားရာတွင် ကွန်ပျူတာပညာရပ်သည် ကမ္ဘာပေါ်တွင် အလေးပေးသင်ကြားနေရသော ပညာရပ်တစ်ခုဖြစ်ကြောင်း ၊ကွန်ပျူတာကျွမ်းကျင်တတ်မြောက်မှုသည် ယနေ့အချိန်အခါတွင် မရှိမဖြစ်လိုအပ်နေပြီဖြစ်ကြောင်း၊ ကျောင်းသားကျောင်းသူများအနေဖြင့် အချိန်ကိုအကျိုးရှိစွာဖြင့် ကွန်ပျူတာပညာရပ်အား စိတ်ပါဝင်စားစွာလေ့လာသင်ယူကြရန် ပြောကြားခဲ့သည်။
ဆက်လက်၍ သင်တန်းဆရာဦးထက်မြက်သူနှင့် သင်တန်းဆရာမဒေါ်မျိုးမျိုးတို့က သင်တန်း သား/သင်တန်းသူများကို Computer Typing ၊ Mouse Skill ၊ English & Myanmar Typing လက်ကွက်ကျွမ်းကျင်မှု Skill ၊ About Computer System ၊ Microsoft Word စသည့်ဘာသာရပ်များကို စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ သင်တန်းသား/သင်တန်းသူ(၁၅)ဦး တက်ရောက်ကြပြီး သင်တန်းသားသင်တန်းသူများကို မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ချိုမျိုးထိုက်နှင့် အဖွဲ့ဝင်များက အအေးများပေးအပ်ခဲ့ပြီး သင်တန်းကို မေလ(၈)ရက်နေ့မှ မေလ(၂၆)ရက်နေ့အထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ကျော်သူရ