ကျောက်တန်း မေ ၈
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် နွေရာသီအခြေခံရှေးဦးသူနာပြုစုခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန် အဆိုပါရုံးလူထုအခြေပြုဗဟိုဌာန Community centre ခန်းမတွင် ဖွင့်လှစ်ခဲ့သည်။
ဦးစွာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးသန့်ဇင်ထွန်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်များအတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် နွေရာသီအခြေခံရှေးဦးသူနာပြုစုခြင်း သင်တန်းဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့ ကျောင်းစာအပြင်၊ အခြားအတတ်ပညာများကို လေ့လာဆည်းပူးကြစေလိုကြာင်း စသည့်တို့ကို ပြောကြားခဲ့သည်။
ထို့နောက် သင်တန်းဆရာ ဦးအောင်ကို၀င်းမှ သင်တန်းမှာစာတွေရောလက်တွေ့ပါ သင်တန်းပေးမှာဖြစ်ကြောင်း ကျောင်းသူ၊ ကျောင်းသားများအနေဖြင့်လည်း ကြိုးစားသင်ယူကြစေလိုပါကြောင်း ပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို ကျောက်တန်းမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ အလယ်တန်းအဆင့်၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သင်ယူခဲ့ကြပြီး သင်တန်းကာလမှာ (၁၀) ရက်ကြာ သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နေလင်းကျော် (ပြန်/ဆက်)