ရန်ကုန် မေ ၈
ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီကြက်ခြေနီ ရေကူး၊ ရေပြင်အသက်ကယ်သင်တန်းနှင့် နည်းပြသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက သာကေတမြို့နယ်လူငယ်စင်တာတွင် ကျင်းပသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဝင်များ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ တိုင်းဒေသကြီးကြက်ခြေနီ သူနာပြုတပ်ဖွဲ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သင်တန်းသား၊ သင်တန်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားရာ ပြောင်းလဲလာနေသော ကမ္ဘာကြီး၏ ယနေ့ရာသီဥတု အခြေအနေများကြောင့် ရေကြီးရေလျှံမှုများနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာလည်း ပြီးခဲ့သည့်နှစ်များက မဖြစ်ဖူးခဲ့သော နယ်မြေဒေသအချို့တွင် ရေကြီးရေလျှံ့မှုများ ဖြစ်ပေါ်ခဲ့ရပြီး လူတွေ၏အသက်ကို ကယ်ဆယ်နိုင်ရေးအတွက် ရေပြင်အသက်ကယ်ပညာရပ်တက်မြောက်ထားသူများရှိရန် လိုအပ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကြက်ခြေနီမှ ရေပြင်အသက်ကယ်သင်တန်း မဖွင့်နိုင်ခဲ့သည်မှာ ဆယ်စုနှစ် ၂ ခုလောက်ရှိနေပြီးဖြစ်ကြောင်း၊ သင်တန်းဆင်းကြမည့် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ပြည်သူလူထုကို မိမိတို့တတ်ကျွမ်းထားသည့် ရေပြင်အသက်ကယ်အတတ်ပညာ၊ ရှေးဦးသူနာပြုအတတ်ပညာများနှင့် ထိထိရောက် ကူညီပေးနိုင်ကြပါစေလိုကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံကြက်ခြေနီအသင်း အလုပ်အမှုဆောင်၊ မြန်မာနိုင်ငံကြက်ခြေနီသူနာပြုတပ်ဖွဲ့ တပ်ဖွဲ့မှူးချုပ် ဦးကျော်မိုးကြည်က အမှာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာ ဇော်ဌေးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ယင်းနောက် အဆိုပါသင်တန်းများတွင် ထူးချွန်ဆုရရှိသူများအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက ဆုမျာချီးမြှင့်ခဲ့ပြီး ဂုဏ်ပြုချီးမြှင့်ငွေအား ပေးအပ်ရာ ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာ ဇော်ဌေးက လက်ခံရယူခဲ့သည်။
၎င်းနောက် တာဝန်ရှိသူများက ထူးချွန်းဆု ရရှိသူများအား ဆုများချီးမြှင့်ခဲ့ကြပြီး သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းအောင်လက်မှတ်များကို တစ်ဦးချင်းပေးအပ်ခဲ့ကြာပြီးနောက် သင်တန်းနည်းပြများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ကြကာ အမှတ်တရ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။ အဆိုပါသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ(၂၃)ဦးအား (၂)ပတ်ကြာ စာတွေ့၊ လက်တွေ့သင်ကြားပို့ချခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)